နွေကာလ မီးအန္တရာယ် သတိပြုကာကွယ်

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

ရာသီအားဖြင့် တပေါင်းလသည် ရွက်ဟောင်းြွေကကာ ရွက်သစ်ဝေရန်တာစူသည့် နွေဦးကာလဖြစ်သည်။ မြန်မာပြည်တစ်ဝန်း၌ ဆောင်းအကုန်တပေါင်းလအကူးအထိ အအေးပိုခဲ့ရာမှ အအေးဓာတ်အဆုံးသတ်သဖြင့် စိုစွတ်သော ပတ်ဝန်းကျင်မှ ခြောက်သွေ့သော ဝန်းကျင်လောကအဖြစ်သို့ရောက်ရှိလာသည်။ ခြောက်သွေ့ရာသီ နွေဦးကာလရောက်သည်နှင့်ထိုရာသီနှင့်အတူ အတူယှဉ်တွဲပါလာတတ်သော အန္တရာယ်ဆိုးကို သတိပြုကြရမည်ဖြစ်သည်။ယင်း မှာ နွေပေါက်သည်နှင့် ရပ်ကွက်များတွင် ဖြစ်ပေါ်လေ့ရှိသည့် ပြည်သူများအား ဒုက္ခပေးနိုင်သော မီးဘေးအန္တရာယ်ဖြစ်သည်။

 

ဖေဖော်ဝါရီလအကုန် နွေရာသီသို့ ကူးပြောင်းရောက်ရှိသည်နှင့် မီးလောင်မှုသတင်းများ မကြာခဏဆိုသလို ကြားသိလာရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်က တစ်ရက်အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး တစ်မှုမှာ ဝါယာကြိုးအပူလွန်ကဲမှုကြောင့်ဖြစ်သည်။ ထိုနေ့တွင်ပင် ညောင်လေးပင်မြို့၌ ဝါယာကြိုးအပူလွန်ကဲမီးလောင်မှုနှင့် မာန်အောင်မြို့နယ်တွင်လည်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။ဖေဖော်ဝါရီ ၁၃ ရက်က တွံတေးမြို့နယ် ပန်းလှိုင်တံတားအဆင်းတွင် လောင်စာဆီတင် ယာဉ်နှစ်စီး ဆီလှယ်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပေါင်းတည်မြို့တွင် ရှို့မီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပေါ့ဆမီး စသည်ဖြင့် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

 

နေအိမ်မီးလောင်မှုဖြစ်စဉ်များကို ပြန်ကြည့်မည်ဆိုလျှင် လျှပ်စစ်ဓာတ်အားအသုံးပြုရာ၌ ဝန်နှင့်အား မမျှသောကြောင့် မီးလောင်မှုများနှင့် မဆင်မခြင်မှု၊ ပေါ့ဆမှုများကြောင့် မီးလောင်မှုအများဆုံးဖြစ်ပွားသည်ကို တွေ့ရသည်။ လျှပ်စစ်ဓာတ်အားအသုံးပြုရာ၌ ဝန်နှင့်အား မမျှသောကြောင့် ဖြစ်ပွားရသည့်မီးလောင်မှုများမှာ ရာသီမရွေးဖြစ်ပွားတတ်ပြီးလူတို့အနေဖြင့် သုံးစွဲလိုမှုတစ်ခုတည်းကိုသာကြည့်ပြီး မနိုင်ဝန်ကိုအသုံးပြုမိခြင်း၊ မီးလောင်နိုင်သည့်အရာများကို သတိမထားမိခြင်းတို့သည်လူတို့၏စည်းစိမ်ဥစ္စာများကို ဆုံးရှုံးစေနိုင်သည့် ပေါ့ဆမှုများပင်ဖြစ်သည်။

 

မီးဘေးအန္တရာယ်သည် သဘာဝဘေးများတွင်ပါဝင်သည်ဆိုသော်လည်း လူတို့၏ မဆင်ခြင်မှု၊ ပေါ့ဆမှုတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်၍ မဖြစ်သင့်မဖြစ်ထိုက်သော ဘေးအန္တရာယ်ဖြစ်သည်။ မိုးရာသီတွင် ဖြစ်ပွားတတ်သော လေပြင်းမုန်တိုင်းနှင့် ရေကြီးရေလျှံဖြစ်ပွားခြင်းများမှာ သဘာဝဘေးအစစ်များဖြစ်၍ ကြိုတင်တားဆီးကာကွယ်ခြင်း၊ ရှောင်ရှားခြင်းတို့ပြုလုပ်ရန်ခက်ခဲသည်။ မီးဘေးအန္တရာယ်မှာ မဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်တားဆီးနိုင်သဖြင့် လူတို့အနေဖြင့် ဆင်ခြင်သတိမူခြင်း၊ သတိပေး၍ ကြိုတင်တားဆီးကာကွယ်ခြင်း၊ ဖြစ်ပေါ်လျှင်လည်း ချက်ချင်းအရေးပေါ်အချိန်မီထိန်းသိမ်းနိုင်ခြင်းတို့ကို ပြုလုပ်ထားရမည်ဖြစ်သည်။

 

မီးလောင်မှုများမှာ လူဦးရေထူထပ်သော ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် ပို၍ဖြစ်ပွားတတ်ပြီး မီးလောင်လျှင်လည်း ဆုံးရှုံးမှုတန်ဖိုး ကြီးမားတတ်ပေသည်။ မဖွံ့ဖြိုးမတိုးတက်သော ကာလများက ပေါ့ဆမှု၊ သတိမမူမှုတို့ကြောင့် ရပ်ရွာဒေသရှိ အိမ်ရာအဆောက်အအုံများ မီးလောင်ဆုံးရှုံးမှု အဖြစ်များခဲ့ပြီးနောက် မျက်မှောက်ကာလ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာသောအခါ မနိုင်ဝန်သုံးသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ ကြောင့် မီးလောင်မှု အဖြစ်များလာသည်ကိုတွေ့ရသည့်အပြင် မကျေနပ်မှုများကြောင့်ဖြစ်သည့် ရှို့မီးများပါ ဖြစ်လာသည်ကို တွေ့ရပါသည်။

 

ထို့ကြောင့် မိမိတို့၏ နေအိမ်၊ အဆောက်အအုံများတွင် သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးများအား ဟောင်းနွမ်းဆွေးမြည့်ခြင်းရှိ၊ မရှိ၊အသုံးပြုသော လျှပ်စစ်ပမာဏကို ဓာတ်ကြိုးနှင့်မီးခလုတ်များ ခံနိုင်ရည်ရှိ၊ မရှိ စစ်ဆေးပြီး ဝန်နှင့်အားမျှပြီး စိတ်ချကောင်းမွန်အောင် ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်သည်။ မီးလောင်စေတတ်သော၊ အားပေးစေတတ်သော ဆေးလိပ်မီး၊ မီးခြစ်၊ ဓာတုပစ္စည်းနှင့်အခြားပစ္စည်းများကို သတိပြုကိုင်တွယ် အသုံးပြုရန်နှင့် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးနှင့်မီးသတ်ရေတို့ကို ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ပါသည်။

 

သို့ဖြစ်ရာ မီးသည် သုံးတတ်လျှင်မိတ်ဆွေဖြစ်သလို မသုံးတတ်လျှင် အန္တရာယ်ဖြစ်စေနိုင်ရာ ယခုကဲ့သို့ မီးလောင်မှုများဖြစ်ပွားတတ်သောနွေရာသီကာလတွင် ကြိုတင်သတိထားဆင်ခြင်ကြရန် တိုက်တွန်း အပ်ပါသည်။ ။

 

ကြေးမုံ