နေပြည်တော် ဩဂုတ် ၂၁

ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများနှင့် ဝါစီမံကိန်းတာဝန်ခံများ တက်ရောက်ကြသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး ပြည်နယ်များအနေဖြင့် ဧရိယာအလိုက် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် သီးနှံအမျိုးအစား ခွဲခြားစိစစ်ပြီး စိုက်ပျိုးမြေဧရိယာ စာရင်းဇယား အမှန်ကို ပြန်လည်စိစစ်ရန်လိုကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေဧရိယာအား လုံး ကွက်ပြည့်စိုက်ပျိုး လုပ်ကိုင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ စိုက်ဧကတိုးချဲ့ခြင်းထက် လက်ရှိစိုက်ပျိုး မြေတစ်ဧကချင်းကို အထွက်နှုန်းတိုး တက်အောင်ဆောင်ရွက်ပြီး အဓိကသီးနှံ ၁၀ မျိုး၏ ပန်းတိုင်အထွက်ရရှိရေး အလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊  ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် အချို့ဒေသတွင် ထုတ်လုပ်မှုကျဆင်းနိုင်သော်လည်း အခြားဒေသများ၏ ထုတ်လုပ်မှုမြှင့် တင်နိုင်ခြင်းဖြင့် တစ်နိုင်ငံလုံး၏ စုစုပေါင်း စိုက်ပျိုးထုတ်လုပ်မှုကို နှစ်အလိုက်တိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ အထူးဇုန်များ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း အတိုင်းထွက်ရှိရန် စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ဆီထွက်သီးနှံအထူးဇုန်ပြင်ပ ပုံမှန်စိုက်ပျိုးလျက်ရှိသည့် ဧရိယာ အားလုံးပုံမှန်အထွက်နှုန်းအောက် ကျဆင်းမှုမရှိစေရန်ကိုလည်း ကြိုးပမ်းကြရန် လိုအပ်ကြောင်း။

စိုက်ပျိုးသည့်သီးနှံ တစ်ဧကချင်းအပေါ်၌ ဆီအများဆုံးပမာဏ ထုတ်လုပ်ပေးနိုင်သည့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးခြင်းကို မဖြစ်မနေ အကောင်အထည်ဖော်ရန်လိုအပ်သဖြင့် တောင်သူများကိုယ်တိုင် နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွင် တက်ကြွစွာဆောင်ရွက် လုပ်ကိုင်လာစေရေးဆွေးနွေးစည်းရုံး အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တောင်သူ၏ စိတ်ဝင်တစား စိုက်ပျိုးလိုမှု ဖြစ်ပေါ်လာစေရေးနှင့် နောက်ရာသီများတွင် နေကြာသီးနှံကို အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးနိုင်ရန် တောင်သူ့ ဝင်ငွေတွက်ခြေကိုက်စေမည့် နေကြာအထွက်နှုန်း ရရှိစေရေးအတွက် မြေဆီလွှာစမ်း သပ်စစ်ဆေးပေးခြင်း၊ မျိုးကောင်း မျိုးသန့်မျိုးစေ့ ရရှိရေးနှင့် အသုံးပြုသင့်သည့်သွင်း အားစုမြေဩဇာ အမျိုးအစား အချိုးအဆ ထောက်ခံချက်ပေးခြင်း စသဖြင့် မိမိတို့စွမ်းအားရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အတူ နေကြာသီးနှံစိုက်ပျိုးဖြစ်ထွန်းရန် အလားအလာကောင်းသည့် စိုက်ပျိုးမြေဧရိယာရွေးချယ် သတ်မှတ်ခြင်းနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။ 

ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပြည်တွင်းအထည်အလိပ်စက်ရုံများအတွက် လိုအပ်သည့် ဂွမ်းမွေးအရည်အသွေး ထုတ်လုပ်ပေးနိုင်စေရန် ပြည်ပဝါမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးကောင်း စပ်မျိုး ချည်မျှင်ရှည်ဝါကို ဝါသီးနှံစိုက်ဧရိယာ၏ ၁၀ ရာနှုန်း စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပြီး ရေရှည်တွင် ပြည်တွင်းမျိုး  ၈၀ ရာနှုန်း နှင့် ပြည်ပမျိုး စပ်မျိုးချည်မျှင်ရှည်ဝါ ၂၀ရာနှုန်းစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သီးနှံ ဈေးနှုန်း မှန်ကန်စွာရရှိမှသာ အရည်အသွေးကောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို လက်တွေ့ ဖော်ဆောင်နိုင်မည်ဖြစ်၍ ဝါလုပ်ငန်းရှင်များ ၊ ဝါကြိတ်စက်ပိုင်ရှင်များ ၊ အဝယ်တော်များ နှင့်  တောင်သူများအကြား A-Grade , B-Grade , C-Grade စသည့် အရည်အ သွေးကို အခြေခံသည့် ဈေးကွက်ဖော်ဆောင်နိုင်ရေး ညှိနှိုင်းကြပ်မတ်ပေးရန် လိုအပ်ကြောင်း။ 

ဝါသီးနှံပန်းတိုင်အထွက် ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အပင်ပြုစုခြင်း ရေသွင်းခြင်း ဆွတ်ခူးခြင်းဆိုင်ရာ နည်းပညာပေးခြင်း အသိပညာပေးခြင်း လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝါစေ့ဆီထုတ်လုပ်မှုကို ထိထိရောက်ရောက် အားပေးဆောင်ရွက်ရန် လိုအပ်ပြီး မျိုးစေ့အဖြစ် ပြန်လည်အသုံးပြုသည့်လုပ်ငန်းအား ပြဌာန်းထားသည့် မျိုးစေ့ဥပဒေနှင့်အညီဆောင်ရွက်ရန်နှင့် စပ်မျိုးဝါစေ့များကို မျိုးစေ့အဖြစ် ပြန်လည်အသုံးပြုခြင်း မရှိစေရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ ယမန်နှစ်က အခြေအနေအမျိုးမျိုးကြောင့် သတ်မှတ်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ခြင်း မရှိသော်လည်း ယခုနှစ်အတွက် သတ်မှတ်ထားသော လျာထားဧကပြည့် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားရန်ဖြစ်ကြောင်း ရာသီဥတုဖောက် ပြန်ပြောင်းလဲမှု နှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုအပေါ် ဒေသအခြေအနေကို အခြေခံ၍ ပြန်လည်ကုစားနိုင်မည့် နည်းလမ်းကို တောင်သူများ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ၊ ဆီထွက်သီးနှံ အထူးဇုန် တာဝန်ခံ များနှင့်ဝါစီမံကိန်း တာဝန်ခံများက ဆီထွက်သီးနှံ နေကြာနှင့် ဝါသီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဖြည့်စွက်ဆွေးနွေးတင်ပြကာ ဒုတိယဝန်ကြီးများက လုပ်ငန်းရပ်တစ်ခုချင်းအပေါ် သုံးသပ်ဆွေးနွေး၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ မှာကြားကြသည်။

ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေး အတွက် ၂၀၂၂-၂၀၂၃ ခုနှစ်မှစ၍ နေကြာသီးနှံ (၁ဒသမ၅)သန်း တိုးချဲ့စိုက်ပျိုး ဆောင်ရွက်ခဲ့ရာ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် ချေးငွေများ ထောက်ပံ့ပေးအပ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် နေကြာသီးနှံ ဧက(၃)သန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်တွင်းထုတ် ဝါများမှ ချည်ချောထုတ်လုပ်နိုင်ရေးနှင့် ယခင်က စိုက်ပျိုးခဲ့သည့် ဝါသီးနှံစိုက်ပျိုးဧရိယာပြည့် ဧက(၇)သိန်း ပြန်လည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများကို မျိုး၊ နည်းပညာ၊ သွင်းအားစုများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်