နေပြည်တော်၊ ဧပြီ ၂၆
စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီအတွင်း ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ရန် အခြေအနေပေးသည့် တိုင်းဒေသကြီး ပြည်နယ်များတွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် နေကြာတစ်ဧက မျှော်မှန်း အထွက်နှုန်းရရှိရန် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့များ အလုံအလောက် ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုး ပညာပေးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည့် “နေကြာသီးနှံမျိုးစေ့ ထုတ်လုပ်ခြင်း နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာ” သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ပြောကြားသည်။
ဆက်လက်၍ဒုတိယဝန်ကြီး က နေကြာစိုက်ပျိုး ထုတ်လုပ်မှု ရေရှည်အောင်မြင်ရေး အတွက် ဗီဇသန့်စင်ပြီး အရည် အသွေးကောင်းသည့် မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရေးသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင် လျက်ရှိကြောင်း၊ နေကြာသီးနှံသည် သဘာဝအရ ပင်ခြားဝတ်မှုန်ကူး သီးနှံဖြစ်သော ကြောင့် နေကြာစိုက်ရင်း ပျားမွေးမြူရေးကိုပါ တိုးချဲ့သွားရမှာဖြစ်ကြောင်း၊ နေကြာသီးနှံစိုက်ရန် ရည်မှန်း ဧရိယာပြည့် ပျားမွေးမြူလုပ်ကိုင်နိုင်မည်ဆိုပါက ထွက်ရှိလာမည့် ပျားရည်ပမာဏသည် ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားငွေ ထိထိရောက်ရောက်ရရှိစေနိုင်သော ပို့ကုန်အမယ်တစ်ခုဖြစ်ကြောင်း၊ တောင်သူကိုယ်တိုင် ပျားမွေးမြူစေခြင်းဖြင့် သီးနှံများတွင်သုံးစွဲသည့် ပိုးသတ်ဆေးကိုလည်း လျော့သုံးလာမည်ဖြစ်၍ နေကြာ စိုက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟအင်ဂျင်နီယာစနစ်ကိုပါ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် သင်တန်းတွင် သင်ကြားပို့ချပေးကြသည့် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များကို အမှတ်ရ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယခုသင်တန်းဖွင့်လှစ်ခြင်းဖြင့် နေကြာသီးနှံမျိုးကောင်း မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ် လုပ်ခြင်းနှင့် ပတ်သက်သော နည်းပညာရပ်များကို တစ်နေရာတည်းမှာ စုံစုံလင်လင် လေ့လာခွင့်ရမည့်အပြင် နေကြာမျိုးစေ့ ထုတ်နေသောခြံများမှ ခြံဦးစီးမှူးများ၊ တိုင်းဒေသကြီး ပြည်နယ် မျိုးစေ့တာဝန်ခံများပါ တက်ရောက်သည့်အတွက် ယခင် မျိုးစေ့ထုတ်ရာသီများတွင် ကြုံတွေ့ခဲ့ရသော လုပ်ငန်းခွင်အတွေ့အကြုံ များကို ဆွေးနွေးဖလှယ်ခွင့်များ ရရှိကြမည်ဖြစ်၍ လာမည့်ရာသီတွင် ဖြေရှင်းနိုင်မည့် ရလဒ်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)