နေပြည်တော် မတ် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာ တောင်သူ ဦးကျော်လွင် ၏ နေကြာ ဧက(၃၀)စိုက်ခင်း၌ ကျင်းပသည့် နေကြာသီးနှံ မျိုးခံအသုံးပြုရန် ရွေးချယ်သင့်သည့် စံပွင့်များရွေး ချယ်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်အားပေးသည်။
ဉီးစွာတောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက စိုက်ပျိုးရေးဂေဟစနစ်နှင့် နေကြာသီးနှံ၏ ဆက်နွယ်မှု၊ နေကြာသီးနှံ၏ သဘာဝဂေဟစနစ် ကောင်းမွန်ရန်အတွက် ပြုပြင်ပေးနိုင်မှု ၊ စပါး ၊ မတ်ပဲ သီးနှံပုံစံစိုက်ပျိုးမှုမှာ ကာလကြာရှည်ခဲ့ပြီးဖြစ်၍ ရောဂါပိုး မွှားကျရောက်မှု ထူထပ်လာကာ ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲရသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို အဆိပ်သင့်စေခြင်းကြောင့် သီးနှံပုံစံအသစ်များ အစားထိုးရန်လိုအပ်မှု၊ သီးလှည့်စိုက် ပျိုးခြင်းတွင် နေကြာသီးနှံ ထည့်သွင်းသင့်သည့်အကြောင်းအချက်များ၊ ပညာရှင်များနှင့် ပူးပေါင်း၍ တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ကြစေလိုမှု၊ ပညာရှင်များ အနေဖြင့်လည်း နေကြာသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသည့် မျိုးစေ့စနစ် ထူထောင်နိုင်ရေးကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ စပါးအပြီး စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ဖြည့်စွက်ရေပေးသွင်းခြင်းကို သီးနှံတိုင်းတွင် ဆောင်ရွက်ရန်နှင့် တစ်ဧကချင်း အပင်ဦးရေ ပြည့်မီအောင် စိုက်ပျိုးရန် လိုအပ်ချက်များ၊ စပါးသီးနှံမျိုးစေ့ထုတ်ကျေးရွာ၊ နေကြာသီးနှံမျိုးစေ့ ထုတ်ကျေးရွာများ တည်ထောင်နိုင်ရေးကို ဒေသတာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်ရေးတို့ကို တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ၊ တောင်သူများနှင့်အတူ တောင်သူ ဦးကျော်လွင်၏ နေကြာသီးနှံ ဧက(၃၀)စိုက်ခင်း အတွင်းကွင်းဆင်းကြည့်ရှုအားပေးကြပြီး မျိုးခံ အသုံးပြုရန် ရွေးချယ်သင့်သည့် စံပွင့်များ၊ မျိုးထိန်းသိမ်းထားသင့်သည့် စံပွင့်များအား နမူနာ ပြသခြင်း၊ တောင်သူများ နေကြာသီးနှံ ကိုယ့်မျိုးကိုယ်ထား စိုက်ပျိုးနိုင်ရေး လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
နေကြာသီးနှံ မျိုးခံအသုံးပြုရန် ရွေးချယ်သင့်သည့် စံပွင့်များရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲသို့ နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ၊ မြို့နယ်ဦးစီးမှူးများနှင့် စိုက်ပျိုး ပညာပေးဝန်ထမ်းများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီပညာရှင်များနှင့် ဒေသခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်