ရန်ကုန် နိုဝင်ဘာ ၁၀
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဆောင်းသီးနှံ နေကြာစိုက်ပျိုးရန် မြေပြုပြင်ထားရှိသည့် ဧက(၅၀)တွင် နေကြာမျိုးစေ့ချ စိုက်ပျိုးပေးပြီး နေကြာခင်းတွင် အသုံးပြုရန် ဓာတ်မြေဩဇာ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် တိုင်းဒေသကြီးဝန်ကြီးတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံရှိ စွန့်ပစ်မော်တော်ယာဉ် တာယာဟောင်းများအား အခြားလုပ်ငန်းများတွင် ပြန်လည်အသုံးပြုခြင်း(Reuse) ပြုလုပ်နိုင်ရေးအတွက် ကြိတ်ချေ စက်တပ်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် အနော်ရထာစက်မှုဇုန်ရှေ့ရှိ ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်း မြေထိန်းနံရံနှစ်ဖက် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားကာ ရန်ကုန်-ပုသိမ်ကား လမ်းဘေး၊ ကုက္ကိုဝရေပေးဝေရေးစခန်း၊ ဇုန်အမှတ်(၉)သို့ သွားရောက်၍ မြေဧရိယာဧက (၂)ဧကပေါ်တွင် ရေဆင်း(၁)စပ်မျိုးနေကြာ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် တိုင်းဒေသကြီးဝန်ကြီးတို့သည် အလုံမြို့နယ် အလုံဈေးသို့ သွားရောက်၍ ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေမှု၊ ဈေးသန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှုနှင့် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ စံပြ ဖ.ဆ.ပ.လ ရပ်ကွက်၊ ဂျိုးဖြူလမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်