၁၀ ဇန်နဝါရီ
ထမင်းစားပြီး သွေးလေးလိုက်တာ၊ အိပ်ချင်လာပြီလို့ ခံစားနေရတာကို တင်းခံနေမယ်လို့များ တွေးနေလား။ တင်းခံမနေပါနဲ့။ နေ့လယ်ခင်း အိပ်ချင်လာရင် အိပ်သာအိပ်လိုက်ပါ။ အိပ်စက်မှုက ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးရှိစေတဲ့အရာပါ။ နေ့ခင်းဘက်မှာ နာရီဝက် ၄၅ မိနစ်လောက် အိပ်စက်မှုက ဦးနှောက်အတွက်ရော၊ ကိုယ်ခန္ဓာအတွက်ပါ အထောက်အကူပြုပေးနိုင်ပါတယ်။
နေ့လယ်ခင်းအိပ်စက်မှုက ဒီလိုမျိုးကောင်းကျိုးတွေရရှိနိုင်ပါတယ်
နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်စက်မှုက
မှတ်ဉာဏ်တိုးစေနိုင်တယ်
လေ့လာမှုတွေအရ နေ့ခင်းဘက်မှာ အိပ်စက်တာက မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သတိမေ့တာမျိုး၊ နှုတ်ဖျားလေးတင်မေ့နေတယ်ဆိုတာမျိုး မဖြစ်အောင် နေ့လယ်ခင်းအိပ်စက်ပေးပြီး ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးပါ။
ခွန်အားပြည့်စေနိုင်တယ်
နေ့ခင်းအိပ်စက်မှု ခန္ဓာကိုယ်ကို ခွန်အားပြည့်စေပြီး ခန္ဓာကိုယ် လှုပ်ရှားမှုကို ပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်းပိုင်းမှာ တစ်နေ့ကို မိနစ် ၂၀ ခန့်အိပ်စက်ပေးပါ။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို အားပြန်သွင်းပေးရာလည်း ရောက်ပါတယ်။ ထမင်းစားပြီး ခဏလောက်တော့ အိပ်စက်အနားယူပေးပါ။
စိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်တယ်
နေ့ခင်းပုံမှန်အိပ်စက်တဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကနေ ကင်းဝေးကြပါတယ်။ နေ့ခင်း ၁ နာရီကနေ ၃ နာရီအတွင်းမှာ တစ်ရေးလောက်အိပ်တာက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ နေ့ခင်းပိုင်းမှာ နာရီဝက်လောက် အိပ်စက်မှုက စိတ်ဖိစီးမှုကို သက်သာစေပြီး အာရုံစိုက်မှုကို ပိုကောင်းစေနိုင်မှာပါ။
ကိုယ်ခံအားကောင်းစေနိုင်ပါတယ်
နေ့ခင်းဘက်မှာ တစ်ရေးလောက် အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ တစ်နေ့ကို နေ့ခင်းပိုင်းမှာ မိနစ် ၃၀ လောက်အိပ်စက်ပေးပါ။ ဖျားနာမှုကင်းဝေးပြီး ပေါ့ပါးလန်းဆန်းနေမှာ အသေအချာပါပဲ။
စိတ်ခံစားမှုကောင်းစေနိုင်တယ်
ညဘက်အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ အလုပ်တွေကောင်းကောင်း မလုပ်နိုင်တာမျိုးဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ မကြည်သာတာမျိုးလည်း ဖြစ်ဖူးမှာပါ။ ဒီလိုဖြစ်တဲ့အခါ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ နေ့ခင်း တစ်မှေးလောက်အိပ်လိုက်တာပါပဲ။ ကဖင်းပါတဲ့ အရာတစ်ခုခုကိုသောက်တာထက် နေ့ခင်းတစ်မှေးအိပ်လိုက်တာက စိတ်ခံစားမှုကောင်းမွန်စေဖို့ ပိုပြီးအထောက်အကူပြုနိုင်မှာပါ။ ကုန်ခမ်းသွားတဲ့ အားအင်တွေကိုပြန်လည် ဖြည့်တင်းရာလည်းရောက်ပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
နေ့စဉ်နေ့ခင်းပိုင်းမှာ ၄၅ မိနစ် ၁ နာရီခန့်အိပ်စက်သူတွေဟာ သွေးဖိအားအခြေအနေ ကောင်းမွန်ကြပြီး နှလုံးကျန်းမာကြတယ်လို့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြပါရှိပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်ရင်တော့ နေ့ခင်းပိုင်း ၁ နာရီ ကနေ ၃ နာရီအတွင်း ၄၅ မိနစ်လောက် သက်တောင့်သက်သာလေးအိပ်စက်ပေးပါ။
ညဘက်ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်
နေ့ခင်းဘက်အိပ်ရင် ညဘက်အိပ်ပျော်မှာ မဟုတ်ဘူးလို့ပြောကြလေ့ရှိပါတယ်။ ဒါက တကယ်တော့မဟုတ်ပါဘူး။ နေ့ခင်းဘက်အိပ်စက်တာက ညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် နေ့ခင်းပိုင်းမှာ တစ်မှေးလောက်တော့မှေးလိုက်ပါ။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေဖို့ နေ့ခင်းတစ်မှေးလောက်တော့ မှေးလိုက်ပါ။
တီထွင်ဖန်တီးမှုစွမ်းရည်ကောင်းမွန်စေနိုင်တယ်
နေ့လယ်ခင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မှုက တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်စေနိုင်ပါတယ်။ အိပ်စက်မှုက ဦးနှောက်ကို ကျန်းမာစေပြီး တီထွင်ဆန်းသစ်မှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။
ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”