၁၄ ဇွန်
“ပန်းကလေးများပွင့်တော့မည် ဖူးတံ ဝင့်လိုချီ၊ နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင် ကျောင်း”
ဒီအချိန်မှာ ကလေးငယ်များ ကျောင်းစဖွင့်၊ ကျောင်းစတက်ရတဲ့ အချိန်ဖြစ်ပါတယ်။ အထူးသဖြင့် ကေဂျီလို့ခေါ်တဲ့ သူငယ်တန်းကို စတင်တက်ရောက်ရတဲ့ ကလေးငယ်လေးတွေအတွက် ဘဝသစ်တစ်ခု၊ ကမ္ဘာသစ်တစ်ခုကို စတင်ခြေလှမ်းလိုက်ရခြင်းဖြစ်တာမို့ အထူးအရေးပါတဲ့အချိန်လည်း ဖြစ်ပါတယ်။
ကေဂျီ Kindergarten ဆိုတာရဲ့ အဓိပ္ပာယ်က garden of the children မိဘ၊ မိသားစုနဲ့ ကျောင်းကြားက ဥယျာဉ်ကလေးလို့ ဆိုပါတယ်။ ကလေးငယ်ဟာ မိဘ၊ မိသားစုဝန်းကျင်ကနေ ကျောင်းဆိုတဲ့ ဝန်းကျင်အသစ်ကို ကူးပြောင်းတဲ့ကြားကာလမှာ ကလေးငယ်ကို ကျောင်းနေစာသင်ဖို့အတွက် ကိုယ်ရောစိတ်ပါ အဆင်သင့်ဖြစ်စေဖို့ ပြင်ဆင်ပေးရတဲ့ အကူးအပြောင်းကာလတစ်ခု ဖြစ်ပါတယ်။
အကူးအပြောင်းကာလ
Transition ခေါ်တဲ့ အကူးအပြောင်းကာလများစွာကို တွေ့နိုင်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဘဝများကနေ လူအများ၊ နိုင်ငံတစ်ခုအထိ အခြေအနေ အချိန်အခါတစ်ခုအရ ပေါ်ပေါက်လာတဲ့ အကြောင်းခြင်းရာများအပေါ် မူတည်ပြီး အကူးအပြောင်းကာလများကို ကျော်ဖြတ်ရလေ့ရှိပါတယ်။ ကလေးတစ်ဦးချင်းစီ အတွက်ဆိုရင် ကလေးငယ်ဘဝ ကျောင်းစတက်ရချိန်၊ အရွယ်ရသူတွေအတွက် အိမ်ပြောင်းရချိန်၊ အလုပ်အကိုင်ပြောင်းရချိန် စသည်တို့ဟာ ကြီးမားတဲ့ အပြောင်းအလဲများကို ရင်ဆိုင်ကျော်ဖြတ်ရ၊ ကူးပြောင်းရချိန်များ ဖြစ်ကြပါတယ်။
ဒီလိုအခါမျိုးမှာ အပြောင်းအလဲရဲ့ စိန်ခေါ်မှုကို မိမိတို့ ဘယ်လိုခံယူကျင့်သုံးတယ်ဆိုတဲ့ စိတ်သဘောထားနဲ့ မိမိရဲ့ ပတ်ဝန်းကျင်က ဘယ်လိုအထောက်အကူပြုတယ်ဆိုတဲ့ အချက်တွေဟာ များစွာအရေးပါလှပါတယ်။ အပြောင်းအလဲကို ချောမွေ့စွာခံယူနိုင်မှုအတွက် အရေးပါပါတယ်။ ကလေးငယ်တွေအတွက် “ကျောင်း” ဆိုတဲ့ နေရာသစ်ကို စတင်ရွှေ့ပြောင်းရခြင်းဟာ အလွန်ထူးခြားတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ကလေးရဲ့ ဘဝသစ်တစ်ခုကို စတင်ခြေချ လိုက်ရခြင်း ဖြစ်ပါတယ်။ မိဘ၊ မိသားစုဆိုတဲ့ ပတ်ဝန်းကျင်ကနေ ကျောင်းဆိုတဲ့ ပတ်ဝန်းကျင်အသစ်ဆီ လှမ်းတက်ရခြင်းဖြစ်ပါတယ်။ ဒီကာလမှာ ကလေးအတွက် စိတ်လှုပ်ရှားတာ၊ ကြောက်ရွံ့တာ၊ စိုးရိမ်စိတ်ဝင်တာမျိုးတွေ ဖြစ်တတ်၊ ခံစားတတ်ကြပါတယ်။ မိဘများအနေနဲ့လည်း စိုးရိမ်ပူပန်မှု ခံစားရလေ့ရှိပါတယ်။ ဒီလိုအခါမျိုးမှာ သေချာစွာ ကြိုတင်ပြင်ဆင်၊ လုပ်သင့်တာတွေ လုပ်ထားဖို့ လိုအပ်ပါမယ်။ ဒါမှ အဆင်ပြေချောမွေ့ မှာလည်း ဖြစ်ပါတယ်။
ကျောင်းနေပျော်၍ စာတော်ဖို့
Positive school experiences ခေါ် အကောင်းမြင်အပေါင်းလက္ခဏာ တွေ့ကြုံခံစားနိုင်မှုတွေ ပေးစွမ်းနိုင်လေ ကျောင်းနေပျော်၊ စာတော်တဲ့ကလေး ဖြစ်လာနိုင်ပါတယ်။ ကျောင်းကို ကြောက်တယ်။ စိုးရိမ်ပူပန်နေတယ်ဆိုတဲ့ ကလေးအတွက်တော့ ရှေ့ပညာသင်ကြားရေးအတွက်ပါ ပူပန်စရာဖြစ်လာနိုင်ပါတယ်။ ကလေးငယ်များကို ကျောင်းကိုပို့တဲ့ ကာလတွေထဲက ပထမဆုံးရက်တွေဟာ ကလေးအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်။
“The first day at school”ကလေးကို ကျောင်းမှာပို့ထားပြီး မိဘများက ပြန်လာခဲ့တဲ့အခါ ကလေးငယ်အတွက် အထူးစိတ်လှုပ်ရှားဖွယ် ခံစားရတာ ဖြစ်ပါတယ်။ ဆရာ ဆရာများက ကလေးကို မြန်မြန်လေးနှုတ်ဆက်လိုက်ပါလို့ ပြောပါလိမ့်မယ်။ ကလေးက မိဘကို ငေးကြည့်ပြီး စိတ်မသက်မသာနဲ့ ကျန်ခဲ့ပါတယ်။ မိဘနဲ့ ပထမဆုံးအကြိမ် ခွဲခွာခံရတဲ့အသိနဲ့ စိတ်မသက်မသာ ဖြစ်ရတာပါပဲ။ ညနေကလေးကို ပြန်ခေါ်ရတဲ့အချိန်မှာတော့ သူတော်တော်ပျော်နေတာ တွေ့ရပါလိမ့်မယ်။ အဲဒီအချိန်မှာ နောက်နေ့တွေလည်း အခုလို အချိန်ကျရင် လာခေါ်မှာပဲဆိုတာ သူသိရှိနားလည် လာစေဖို့ နားသွင်းပေးပါ။ ကျောင်းမှာ သူဘာလုပ် ခဲ့ရတယ်၊ ဆရာမတွေနဲ့ ဘယ်လို ဆက်ဆံခဲ့ရတယ်၊ အနီးနားက သူငယ်ချင်းတွေကရော ဘယ်လိုလဲ စသည်ဖြင့် စိတ်ဝင်စားစွာ မေးမြန်းပါ။ သူပြန်ပြော တာကိုလည်း ဂရုတစိုက်နားထောင်ပေးပါ။ အိမ်မှာနေရတာနဲ့ ကျောင်းမှာနေရတာ နှစ်ခုရဲ့ ဆက်စပ်နေပုံကို သူနားလည်လက်ခံလာပါလိမ့်မယ်။ သားလေး၊ သမီးလေးဘေးမှာ ဘယ်သူထိုင်ရသလဲ၊ ကျောင်းမှာ ဘာပုံပြင်လေး နားထောင်ရလဲ စတဲ့ မေးခွန်းမျိုးလေးတွေ မေးစမ်းကြည့်နေတတ်ပါ။ ဆရာများဆီ မိမိကလေးရဲ့ မိသားစုဓာတ်ပုံလေး တွေ ပေးပို့ပြီး သူတို့မိသားစုရဲ့ အကြောင်းတွေကို သိစေနိုင်ပါတယ်။ အလားတူ အတန်းဖော်ကလေး တွေကလည်း မိမိကလေးနဲ့ မိသားစုအကြောင်းတွေ သိခွင့်ရသွားနိုင်ပါတယ်။ မိမိကလေးနဲ့ မိမိတို့ မိသားစုရဲ့ ထူးခြားတဲ့အချက်လေးတွေ၊ စိတ်ဝင်စား စွာဆောင်ရွက်တတ်တဲ့ အချက်ကလေးတွေ စသည်တို့ကိုလည်း သိထားစေနိုင်ပါတယ်။ “I Love You”ဆိုတဲ့ စာလုံးလေးတွေကိုလည်း ကလေးရဲ့ lunch box ထမင်းဘူးမှာ ကပ်ထား ပေးနိုင်ပါတယ်။ Seperation anxiety syndrome ခေါ်တဲ့ မိသားစုနဲ့ ပထမဆုံးအကြိမ် ခွဲခွာရမှုကြောင့် စိုးရိမ်ပူပန်မှုဆိုင်ရာ ခံစားရမှုများ ခံစာ;ရနိုင်ကြောင်းကို သတိပြုထားရပါမယ်။ Seperation anxiety syndrome မှာ အောက်ပါ အချက်များပါဝင်တာကို တွေ့နိုင်ပါတယ်။
သတိပြုပေးရမယ့် စိတ်ခံစားချက်များ
၁။ ကျောင်းမှာနေရတာ မိမိတစ်ဦးတည်း အထီးကျန်နေရတာဖြစ်ကြောင်း၊ ပတ်ဝန်းကျင် အသစ်သည် ကြောက်စရာဖြစ်ကြောင်း ခံစားနေ ရခြင်း၊
၂။ ဗိုက်နာတယ်။ ခေါင်းကိုက်တယ် စတဲ့ ဝေဒနာများခံစားရကြောင်း ပြောနေတတ်ခြင်း၊ ကျောင်းမသွားရတော့ဘူး၊ အိမ်မှာပဲ နေရတော့မယ်ဆိုတာနဲ့ စောစောက ဝေဒနာများ ပျောက်သွားခြင်း။
၃။ ညဘက် အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများ မက်ခြင်း။
၄။ ညအိပ်ရာထဲ ဆီးသွားလာတတ်ခြင်း။
၅။ သူငယ်ချင်းများ၊ ကျောင်းနေဖော်များနဲ့ ခွဲနေတတ်ခြင်း (သို့မဟုတ်) တစ်ယောက်ယောက်ကို သဲသဲမဲမဲ တွယ်ကပ်နေတတ်ခြင်း။
၆။စိတ်တိုလွယ်ခြင်း၊ စိတ်ကောက်ခြင်း၊ ရန်လို ခြင်း၊ ငိုလွယ်ခြင်းစတဲ့အချက်များဖြစ်ကြောင်း တွေ့နိုင်ပါတယ်။
ဒါကြောင့် ကလေးကို မိသားစုက မြဲမပြတ် အားပေးနှစ်သိမ့်နေရမှာ ဖြစ်ပါတယ်။ကျောင်းမှာ ကလေးဟာ သူငယ်ချင်းတွေနဲ့ စတင် ရင်းနှီးဆက်ဆံကြရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေဟာ သူတို့နဲ့ တွေ့ဆုံရတဲ့ သူစိမ်းတစ်ရံတွေဖြစ်ပေမယ့် သူတို့ဟာ မိမိနဲ့ အသက်ရွယ်တူ၊ ကစားဖော်တွေဖြစ်တယ်ဆိုတာ သူတို့ နားလည်လာအောင် ဆောင်ရွက်ပေးရပါမယ်။
ပူးပေါင်းဆောင်ရွက်ခြင်းမှ ရင်းနှီးမှုရရှိ
တချို့ကျောင်းတွေမှာ Buddy system ခေါ်တဲ့ ကလေးကြီးတွေက မူကြိုတန်းနဲ့ ကေဂျီကလေးတွေနဲ့ ပူးပေါင်းနေထိုင် ဆော့ကစားတဲ့ စနစ်ဆောင်ရွက်ကြတာ တွေ့ရပါတယ်။ ကလေးတွေကျောင်းမှာ မပျင်းရလေအောင်နဲ့ အချင်းချင်း ပိုမိုရင်းနှီးသွားရလေအောင် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ မိဘများကလည်း ကျောင်းချိန်ပြီးတဲ့အခါမျိုးတွေ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေကို အိမ်ကို ဖိတ်ခေါ်ပြီး ကျွေးမွေးတာ၊ ဆော့ကစားတာ၊ ပုံပြောတာစသည်တို့ ပြုခြင်းဖြင့် ပိုမိုရင်းနှီးလာစေနိုင်ပါတယ်။ ကလေးများ သာမက မိဘများအချင်းချင်းလည်း ရင်းနှီးလာကြဖို့ အရေးကြီးပါတယ်။ ကျောင်းအချို့မှာ မိဘများအတွက် နံနက်ပိုင်း ကော်ဖီ၊ လက်ဖက်ရည်ဝိုင်းများ ဖန်တီးပေးပြီး မိဘများအချင်းချင်း ရင်းနှီးမှုကို ရစေပါတယ်။ မိဘများကလည်း မိတ်ဆွေသစ်များ ရရှိသွားကြပါတယ်။ တစ်ဦးအကြောင်း တစ်ဦး ပိုမိုသိရှိခွင့်ရသွားကြပါတယ်။ မိဘများကလည်း မိမိကလေးရဲ့ ကျောင်းနဲ့ ဆရာမများအကြောင်း၊ သူငယ်ချင်းတွေရဲ့အကြောင်း၊ သူငယ်ချင်းရဲ့ မိဘများအကြောင်းစသည်တို့ကို မကြာခဏ ပြောကြားပေးသင့်ပါတယ်။ ကလေးဟာ တဖြည်းဖြည်းနဲ့ ကျောင်းနဲ့ ပတ်ဝန်းကျင်ကို ရင်းနှီးလာပါလိမ့်မယ်။ ကလေးငယ်ရဲ့ ကျောင်းစတက်ခြင်း အချိန်တွေဟာ ကလေးငယ်၊ မိဘ၊ ဆရာ ဆရာမများ၊ သူငယ်ချင်းသစ်များနဲ့ ကျောင်းပတ်ဝန်းကျင်တို့အကြား အတွေ့အကြုံသစ်များ စတင်မိတ်ဆက်ရခြင်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ကလေးငယ်က ဒီပတ်ဝန်းကျင် အသစ်ကို မနှစ်သက်ဘူး၊ ကြောက်တယ်ဆိုရင် သူ့ရဲ့ကျောင်းနေမှုအတွက် အထူးအနှောင့် အယှက်ဖြစ်လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို ကျောင်းမှာပျော်နေစေဖို့ မိဘများနဲ့ ဆရာများက အထူးသတိပြု စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အရေးပါတဲ့ အချက်တစ်ခုက သူနဲ့ အသက်ရွယ်တူ သူငယ်ချင်းလေးတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရင်းနှီးသွားလေ ကျောင်းဟာ သူ့အတွက်ပျော်စရာနေရာ တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီကာလများကို လွန်တာနဲ့ ကလေးငယ်ဟာ စာသင်ယူခြင်းဆိုတဲ့ ဘဝအတွက် အရေးပါတဲ့ကာလကြီးကို ဖြတ်သန်းရပါတော့မယ်။
“နေခြည်မှာ ရွှေရည်လောင်းတဲ့ ငါတို့ စာသင်ကျောင်း” ဆိုတဲ့ ကျောင်းကို ချစ်တဲ့ စိတ်ကလေးတွေ မွေးလာစေဖို့လိုပါတယ်။ အရင်ကလို ကျောင်းရောက်တာနဲ့ စာစသင်လိုက်တဲ့ ခေတ်မဟုတ်တော့ပါဘူး။ ကလေးငယ်ရဲ့ စိတ်ကူး စိတ်သန်းတွေကို ပြုစုပျိုးထောင်ပြီး ဘက်စုံထူးချွန်တဲ့ နိုင်ငံသားကောင်းတွေကို စနစ်တကျ မွေးထုတ်ပေးရမယ့် ခေတ်ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ကျောင်းစတက်ခြင်းအချိန် ကျောင်းစတက်ရတဲ့အခြေအနေများကို မိဘ၊ ဆရာဆရာမများက အလေးတယူ ဆောင်ရွက်ကြသင့်ကြောင်းပါခင်ဗျာ။
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)