နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ (အောက်တိုဘာ လ မှ မတ်လ) စီမံကိန်းရည်မှန်းချက်များနှင့် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင် က ဒေသ ဖွံ့ဖြိုးရေးတွင် အခြေခံကျသော လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသ သောက်သုံးရေ ဖူလုံစွာရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ ဒေသန္တရ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပညာသင်ကြားရေးပိုင်းဆိုင်ရာ အဆောက်အဦများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ (၆)လ စီမံကိန်းဖြစ်သော်လည်း လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရန်ပုံငွေ၊ နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများ အကောင်အထည် ဖော်ရာတွင်လည်း ပြည်သူများ၏ အကျိုးကိုရှေ့ရှူ၍ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးနှင့် ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိ စေရေးတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းကောင်း နေပြည်တော်စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လစီမံကိန်းရည်မှန်းချက်များ၊ ကဏ္ဍများ အလိုက်ဆောင်ရွက်မည့် အစီအစဉ်များ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့လည်းကောင်း၊ လယ်ယာကဏ္ဍကြီး စီမံကိန်း ရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော်စိုက်ပျိုးရေး ဦစီးဌာနသို့ လည်းကောင်း အပ်နှံတာဝန်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် က စက်မှုကဏ္ဍကြီး စီမံကိန်းရည် မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော် စက်မှုကြီးကြပ် နှင့်စစ်ဆေးရေးဦးစီးဌာနသို့ လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော် လမ်းဦးစီးဌာနသို့လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည်တော် ကျေးလက် လမ်းဦးစီးဌာနသို့ လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း က ဝန်ဆောင်မှု ကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန သို့လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနသို့လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန(ထိန်းသိမ်းရေး) သို့လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းသို့လည်းကောင်း၊ စီမံကိန်းရည်မှန်းချက် များကို ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းရည်မှန်းချက်များကို ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့သို့လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ရဲမှူးကြီး ကိုကိုလွင် က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့(၄)ဖွဲ့သို့ လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးကျော်သိန်းဆိုင်က ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(၄)ဖွဲ့သို့ လည်းကောင်း အပ်နှံတာဝန်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


