နေပြည်တော် ဩဂုတ် ၈

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းက နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆေးဖက်ဝင်ပရဆေး ပင်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ်တွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ ၊ ငှက်ဖျားရောဂါ၊ အဆုတ် (တီဘီ) ရောဂါ စသည့် မြန်မာနိုင်ငံ၌ အဖြစ်များသော ရောဂါကြီး (၆) မျိုးနှင့် သက်ဆိုင်သော ပရဆေးပင်များကိုအဓိက စိုက်ပျိုး ပြသထားမှုနှင့် မိမိတို့ဝန်ကြီးဌာနက ငှက်ဖျားနှင့် အဆုတ် (တီဘီ) ရောဂါကြီး (၂) မျိုးနှင့် သက်ဆိုင်သော ပရဆေးပင်များ၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ရှားပါးပရဆေးပင်များကို စိုက်ပျိုးပြသထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနက တာဝန်ယူစိုက်ပျိုးပြသထားသည့် ပရဆေးပင်များကို စိုက်ကွက်၊ပြကွက် တစ်ခုချင်း အလိုက်သတ်မှတ်ထားသော အမျိုးအစားများကို အဆင့်မီစိုက်ပျိုးပြသနိုင်ရေး ပြုပြင်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးပညာတတ်ကျွမ်းသူများက စီမံဆောင်ရွက် နေခြင်းဖြစ်၍ အောင်မြင်စိုက်ခင်းများ၊ ပြကွက်များ ဖြစ်အောင်စီမံသွားရန်၊ တိုင်းရင်းဆေးဝါးပင်နှင့် ပတ်သက်သော ဗဟုသုတများကို တစ်နေရာတည်းတွင် ပြည်သူများ စုံစုံလင်လင် လေ့လာနိုင်ကြစေရန်နှင့် ရာသီအလိုက် အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် နေ့စဉ်စားသုံးနေသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပင်များကို သတိပြုနိုင်အောင် စိုက်ပျိုးပြသခြင်းအပြင် ငှက်ဖျားနှင့် အဆုတ် (တီဘီ) ရောဂါများနှင့် ဆိုင်သော ပရဆေးပင် တစ်မျိုးချင်း၏ သိမှတ်ဖွယ်ရာများပါစုဆောင်းဖော်ပြသည့် လက်ကမ်းစာစောင်များ ထုတ်ဝေရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပရဆေး ဥယျာဉ်အတွင်း ဝန်ကြီးဌာနမှ စိုက်ပျိုးပြသထားသည့် ငှက်ဖျားရောဂါပျောက် တိုင်းရင်းပရဆေးပင်များ၊ အဆုတ် (တီဘီ) ရောဂါပျောက် တိုင်းရင်းပရဆေးပင်များ၊ တိုင်းဒေသကြီး ပြည်နယ်များမှ စုဆောင်းထားရှိသော ပရဆေးပင်များ၊ ဆေးဘက်ဝင်သစ်ခွနှင့် ဂမုန်းပင်များ၊ ရာသီစာသီးနှံပင်များ ၊ နှစ်ရှည်ပင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်