နေပြည်တော်  ၂၈   ဧပြီ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် Quarantine Center တွင် ယနေ့အချိန်အထိ ပြည်တွင်းမှ လာရောက်သူ(၁၆)ဦးအား စောင့်ကြည့်လျှက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပြည်သူ(၁၆)ဦးအနက် ရန်ကုန်တိုင်းဒေသကြီးမှ နေပြည်တော်သို့ ပြန်လည်လာရောက်ကြသူ ဦးရေမှာ အများဆုံးဖြစ်ပြီး အမျိုးသား(၆)ဦး အမျိုးသမီး(၉)ဦး ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

 

အထက(၆)တွင် ကိုဗစ်-၁၉ စောင့်ကြည့်ဌာနအား ယခုလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၁ ရက်နေ့မှ စတင်ကာ ပြည်တွင်းခရီးသွားများအား စတင်စောင့်ကြည့်မှု လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

စောင့်ကြည့်လူနာများအနေဖြင့် မိမိတို့၏အစီအစဉ်ဖြင့် စခန်းဝင်ရသည်ဖြစ်သော်လည်း စေတနာရှင် အချို့မှ စားသောက်ဖွယ်များ မုန့်များ သောက်ရေသန့်များ အချိုရေဘူးများ လာရောက် လှူဒါန်းကြကြောင်း Quarantine ဝင်သူအချို့မှာ စားသောက်စရာ လာရောက်ပေးမည့်သူမရှိပါကြောင်း သို့သော်လည်း မြို့နယ်တွင် ဖွဲ့စည်းထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီမှ အဆင်ပြေစေရန် စီမံဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်း သိရသည်။

 

နေပြည်တော် အ.ထ.က(၆)တွင် Quarantine ဝင်သူများမှာ ယခုချိန်အထိ ကျန်းမားရေးအခြေအနေများ ကောင်းမွန်လျှက်ရှိကြောင်း စင်တာမှ တာဝန်ကျ ကျန်းမာရေးသူနာပြု ဝန်ထမ်းများ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကျန်မာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေလျှက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးစနစ်တကျ ဆောင်ရွက်ပေးလျှက်ရှိကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးဝင်းကျော်နှင့်မြို့နယ် လဝကမှတာဝန်ကျ ဝန်ထမ်းများမှလည်း လိုအပ်သည့်အုပ်ချုပ် စီမံကိစ္စများအား စနစ်တကျ ကြပ်မတ်ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။

 

"ကျနော်တို့ဆီမှာရှိတဲ့ စောင့်ကြည့်လူနာတွေကို စားသောက်ဖွယ် သောက်ရေသန့်နဲ့ အချိုရည်/မုန့်တွေကို လှူဒါန်းလိုတယ်ဆိုပါက အထောက်အကူပြု ကော်မတီနဲ့ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း" တာဝန်ကျသူတစ်ဦးက ပြောသည်။ Quarantine Center သို့ ရောက်ရှိလာသူများအား စောင့်ကြည့်ကာလပြီးဆုံး၍ နေရပ်သို့ ပြန်လည်စေလွှတ်ရမည့် နေ့ရက်များကိုလည်း စနစ်တကျ စာရင်းပြုစုထားကြောင်းလည်း သိရသည်။

သတင်း-မင်းရဲမာန်၊ခင်ဇော်(မင်္ဂလာ)

ဓာတ်ပုံ-သန်းနိုင်(ဇမ္ဗူသီရိ)