နေပြည်တော် ၁၃ ဖေဖော်ဝါရီ
နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားနှင့် မြန်မာနိုင်ငံ ကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေနှင့် နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ၎င်းတို့၏ ဇနီးများ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဦးကြည်မင်းနှင့် ဦးအောင်ထူး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီဝင်များ၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖြစ်မြောက်ရေး ဦးစီးကော်မတီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပြောပြိုင်ပွဲကို ကျင်းပသည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပြောပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသူများကိုလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က အထူးဆုရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့) အထိမ်းအမှတ် ကဗျာရွတ်၊ သီချင်းဆိုနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပပြီး မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ ခဲပန်းချီပြိုင်ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း ဆေးပန်းချီပြိုင်ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ ကဗျာရွတ်ပြိုင်ပွဲ မူလတန်းအဆင့်တွင် ပထမ၊ ဒုတိယနှင် တတိယဆုရရှိကြသူများကို လည်းကောင်း၊ သီချင်းဆိုပြိုင်ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်