နေပြည်တော် ၂၈ ဒီဇင်ဘာ
နေပြည်တော် ဆုလာဘ်ပိုင်ထီဆိုင်မိသားစုမှ တတိယအကြိမ်မြောက် ကုသိုလ်ပြု အဓိဌာန်ဘုရားဖူးခရီးစဉ်အဖြစ် သစ်တံခါးဆရာတော်ကြီး မိန့်ကြားသည့် အထူးအဓိဌာန် ကျင့်ဆောင်သင့်သော နေပြည်တော်ရှိ တောင်(၅)တောင်ဖြစ်သည့် လက်လုပ်တောင်၊ ရွှေလွမ်းတောင်၊ လှေခွင်းတောင်၊ စမတောင်၊ ဆင်ဖြူတောင်များသို့ တရားကျင့်ဖော်ယောဂီ (၂၀၈) ဦးအား အခမဲ့ကုသိုလ်ပြု ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ယောဂီအဖွဲ့သည် ခင်ပွန်းကြီး(၁၀)ပါး တောင်းပန်ကန်တော့ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ရွတ်ပွားပူဇော်ခြင်း၊ မဟာသရဏံဂုဏ်တော်ကြီး၊ မဟာသမယသုတ်တော်၊ ပရိတ်တရားတော်၊ ပဋ္ဌာန်းတရားတော်၊ အနတ္တလက္ခဏသုတ် စသည့် တရားဒေသနာတော်မြတ်ကြီးများ ရွတ်ဖတ်သရဇ္ဇာယ်ပူဇော်ခြင်းနှင့် တရားဘာဝနာ ရှုမှတ်ပွားများခြင်းတို့အား စုပေါင်းကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။
ယခုကဲ့သို့ ကုသိုလ်ပြုပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များ၊ တရားကျင့်ကြံ အားထုတ်ကြသူများအနေဖြင့် နေပြည်တော်ရှိ ဆုတောင်းအဓိဌာန်ပြည့်ဝသော ကြီးမြတ်သော တောင်(၅)တောင်ဖူး၍ ကုသိုလ်ထူးကြစေရန်၊ ကောင်းမှုကုသိုလ်တရားများနှင့် မွေ့လျော်ကြစေရန် ရည်ရွယ်၍ ကုသိုလ်ပြု ပို့ဆောင်ပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆုလာဘ်ပိုင်ထီဆိုင် မိသားစုအနေဖြင့် သာသနာပြန့်ပွားရေးအတွက် ရည်ရွယ်၍ ဘုရားဖူးခရီးစဉ်များအား ပို့ဆောင်ပေးလျက်ရှိပြီး ပထမအကြိမ်အဖြစ် လူပေါင်း (၇၀၀) ကျော်အား နေပြည်တော်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရား(၇)ဆူသို့ ကုသိုလ်ပြုခရီးစဉ်၊ ဒုတိယအကြိမ်အဖြစ် လူပေါင်း (၁၀၀) ကျော်အား ပုဂံပြည့်ငါးပြည့်ဘုရားများသို့ ကုသိုလ်ပြုခရီးစဉ်တို့အား အခမဲ့ပို့ဆောင်ပေးခဲ့ပြီး ယခု တောင်(၅)တောင် အဓိဋ္ဌာန်ဘုရားဖူးခရီးစဉ်မှာ တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်းနှင့် နောင်တွင်လည်း ဘုရားဖူးခရီးစဉ်များ ဆက်လက်ပို့ဆောင် သာသနာပြုပေးသွားမည်ဖြစ်ကြောင်း ဆုလာဘ်ပိုင်ထီဆိုင်မိသားစုမှ တာဝန်ရှိသူ ဦးအောင်ဘိုဘိုထံမှ သတင်းရရှိသည်။
MDN