တွေ့ဆုံမေးမြန်း- ရွှေရွှေမြင့်၊ သီတာအေး

ဓာတ်ပုံ- ဇော်ဖြိုးအောင်၊ ဇော်မင်းလွင်(ပြန်/ဆက်)

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာ သူများအား ကန့်သတ်စောင့်ကြည့်နေရာများတွင် ထားရှိ၍ ၁၄ ရက်စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများ၊ တာဝန် ထမ်းဆောင်နေသူများနှင့် ရပ်မိရပ်ဖဒေသခံတို့အား ဧပြီ ၈ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ( Facility Quarantine )တွင် တွေ့ဆုံမေးမြန်းထားသည်များကို ရေးသား ဖော်ပြလိုက်ရပါသည်။

 

aam

ဒေါက်တာအေးအေးမာ

နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ)

နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး Quarantine နဲ့ Facility Quarantine များကို ပြည်ပက ပြန်လာတဲ့သူတွေကို ၂၅-၃-၂၀၂၀ ရက်မှာစပြီး ဆောင်ရွက် ပါတယ်။ အဲဒီနေ့ ရောက်ရှိလာတဲ့ ပြည်သူတွေကို ဆေးရုံသုံးရုံဖြစ်တဲ့ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိနဲ့ ဇေယျာသီရိ ပြည်သူ့ဆေးရုံတို့မှာ Facility Quarantine ဆောင်ရွက်ပါတယ်။ နောက် ဟိုတယ်လုပ်ငန်းရှင်များ အသင်းနဲ့ ချိတ်ဆက်ပြီး နေပြည်တော် မှာရှိတဲ့ နယူးဧရာဟိုတယ်မှာ Facility Quarantine တစ်ခု ထားပါတယ်။ ၂၅-၃-၂၀၂၀ မှ ၂၇-၃-၂၀၂၀ ရက်နေ့ အထိ စုစုပေါင်း ဆေးရုံသုံးရုံနဲ့ ဟိုတယ် တစ်ခုမှာ Quarantine ဆောင်ရွက် ထားတဲ့သူပေါင်း ၁၈၃ ဦး ရှိပါတယ်။ ဆေးရုံမှာ လူများလာတော့ နေပြည်တော်ကောင်စီဥက္ကဋ္ဌရဲ့ ပံ့ပိုး ကူညီမှု၊ လမ်းညွှန်မှုနဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၁)မှာ Facility Quarantine ကို ၂၇-၃-၂၀၂၀ ရက်နေ့ ညနေကစပြီး ဆောင်ရွက်ပါတယ်။ ၄-၄-၂၀၂၀ ရက်နေ့အထိ စည်ပင် ဧည့်ရိပ်သာ(၁)မှာ Facility Quaran-tine ထားတဲ့သူပေါင်း ၆၂၀ ရှိပါတယ်။ ၅-၄-၂၀၂၀ ရက်နေ့ကစပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရဲ့ ပံ့ပိုးကူညီမှုနဲ့ ရွာတော်မှာ ရှိတဲ့ တည်းခိုရိပ်သာ(၃)ကို Facility Quarantine စတင်ဆောင်ရွက်ပါ တယ်။ ၅-၄-၂၀၂၀ မှ ၈-၄-၂၀၂၀ ရက်နေ့အထိ ရွာတော် တည်းခိုရိပ်သာ မှာ Facility Quarantine ထားသူ ပေါင်း ၂၅၂ ဦး ဆောင်ရွက်ထား ပါတယ်။

ကျန်းမာရေး ဦးစီးဌာနအနေနဲ့ လည်း ရွာတော်မှာထားတဲ့ Facility Quarantine ကို အမျိုးသား၊ အမျိုး သမီး သီးသန့်ခွဲထားပြီး နေ့စဉ် ကျန်းမာရေးဌာနမှ ဝန်ထမ်းတွေက မနက်(၁)ကြိမ်၊ ညနေ(၁)ကြိမ် ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက် ပေးပြီး အခြား Complain ရှိ၊ မရှိ မေးပါတယ်။ နိုင်ငံရပ်ခြားက ပြန်လာ သူတွေ Facility Quarantine ကို ရောက်လာတဲ့အခါ သူတို့ရဲ့ အခြေ အနေ History ကို မေးမြန်းပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးပြီး တဲ့အခါ သူတို့နေထိုင်ရမယ့် အိပ်ဆောင်ကို ပို့ပေးပါတယ်။ အိပ်ဆောင်မှာလည်း Facility Quarantine မှာ လိုက်နာရမယ့် စည်းကမ်းတွေကို ကပ်ထားပေးပြီး၊ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ရှင်းပြပါတယ်။ နောက် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း နဲ့ မောပန်းခြင်းတွေဖြစ်ခဲ့ရင်၊ အခြား တစ်စုံတစ်ရာ ဖြစ်တယ်ဆိုရင် ကော်မတီရုံးခန်း၊ သက်ဆိုင်ရာနဲ့ ကျန်းမာရေးဦးစီးဌာနရဲ့ ဖုန်းနံပါတ် တွေ ပေးထားပြီး ချက်ချင်းဆက်ဖို့ မှာထားပါတယ်။

ရောက်ရောက်ချင်း ဖျားတဲ့ လက္ခဏာ ရှိ၊ မရှိ မေးမြန်းခြင်း၊ အချို့သောသူ ဖျားတာတွေ့ရတဲ့အခါ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီး ကိုယ်အပူချိန် တစ်ကြိမ် တိုင်းပါတယ်၊ နှစ်ကြိမ်တိုင်းပါတယ်။ နားပြီး နာရီဝက်ခြားပြီး တိုင်းတဲ့အခါ ဖျားနေတာတွေ့ရရင် စည်ပင်ဧည့်ရိပ် သာမှာထားတဲ့သူဆိုရင်၊ ပျဉ်းမနား ပြည်သူ့ဆေးရုံနဲ့ ရွာတော်မှာထားတဲ့ သူဆိုရင် နေပြည်တော် ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကို ပို့ပေးပါတယ်။ ရွာတော် တည်းခိုရိပ်သာကနေ ပို့ဆောင်ပေးတဲ့သူ သုံးဦးကို သူတို့ရဲ့ ချွဲသလိပ်ကိုယူပြီး အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနကို ပို့ပြီး စစ်တဲ့အခါ Negative တွေ့ပါတယ်။ ပိုးမတွေ့ရတဲ့အတွက် Facility Quarantine ဆက်လက်ဆောင်ရွက် နေပါတယ်။ ၁၄ ရက်ပြည့်လို့ ပြန်မယ့် သူတွေကိုလည်း Home Quarantine လုပ်ဖို့ အခြေခံကျန်းမာရေးဝန်ထမ်း များနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါ တယ်။ ၈-၄-၂၀၂၀ ရက်နေ့က ဒက္ခိဏ သီရိ၊ ပုဗ္ဗသီရိ နဲ့ ဇေယျာသီရိ ပြည်သူ့ ဆေးရုံတို့က ၅၉ ဦးကို နေရပ်ပြန်ဖို့ စီစဉ်ဆောင်ရွက် ပေးပါတယ်။ Quarantine Centre မှာ ၁၄ ရက် ပြည့်မြောက်ကြောင်း Certificate ပေးပြီး Facility Quarantine တွေ အိမ်ကိုပြန်ရောက်တဲ့အခါ ဘယ်လို နေထိုင်ရမယ်ဆိုတာ တစ်ဦးချင်းစီ မှာပါတယ်။ ရှင်းပြပါတယ်။ ကျန်းမာ ရေးဦးစီးဌာနအနေနဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌနဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ရဲ့ ပံ့ပိုးကူညီ မှု၊ ဌာနဆိုင်ရာများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ NCVT၊ ကြက်ခြေနီ၊ မီးသတ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး Facility Quarantine လုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်လျက်ရှိပါတယ်။

 

mms

ဦးမောင်မောင်ဆွေ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

နေပြည်တော် ကိုဗစ်-၁၉ စေတနာ့ ဝန်ထမ်းအဖွဲ့(NCVT)

နေပြည်တော် ကိုဗစ်-၁၉ စေတနာ့ ဝန်ထမ်းအဖွဲ့(NCVT)မှာ နာယက တစ်ဦးဖြစ်ပါတယ်။ NCVT အသင်းကို ၂၁-၃-၂၀၂၀ ရက်နေ့က စတင် တည်ထောင်ခဲ့ပါတယ်။ အသင်းမှာ နေပြည်တော်က လုပ်ငန်းရှင်တွေ၊ စက်မှုလက်မှုလုပ်ငန်းရှင်တွေ ပါပါ တယ်။ အသင်းဥက္ကဋ္ဌကတော့ စိုးလျှပ်စစ်ဖောင်ဒေးရှင်းက ဦးကျော် မြင့်ထွန်း ဖြစ်ပါတယ်။ ဒုဥက္ကဋ္ဌ ရှစ်ဦး ရှိပြီး သူတို့က နေပြည်တော်မှာရှိတဲ့ အသင်းအဖွဲ့အသီးသီးရဲ့ ဥက္ကဋ္ဌတွေ ဖြစ်ပါတယ်။ ဥပမာ-အိမ်ခြံမြေအသင်း ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း စသည်ဖြင့် ပါဝင်ပါတယ်။ အသင်းအသီးသီးရဲ့ အဖွဲ့ဝင်တွေက တော့ အမာခံအနေနဲ့ ပါဝင်ပါတယ်။ အသင်းမှာ CEC ၆၀ ကျော်လောက်ရှိပြီး ဝိုင်းဝန်းလုပ်ဆောင်နေတာက ၁၀၀၀ ကျော်လောက် ရှိပါတယ်။ အသင်း အနေနဲ့ မတ် ၂၂၊ ၂၃၊ ၂၄ ရက်နေ့တွေ ကတည်းက ပညာပေးလုပ်ငန်းတွေ စလုပ်ပါတယ်။ ပြက္ခဒိန်၊ ဗီနိုင်းတွေ ရိုက်ပြီး ကျန်းမာရေးက ထုတ်ပြန်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို အသံချဲ့စက်နဲ့ လှည့်လည်ကြေညာ ပါတယ်။

နောက်ပိုင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌထံ တင်ပြလမ်းညွှန်ချက်ခံယူပြီး Quarantine Centre တွေ ဖွင့်ဖို့လိုတဲ့ အတွက် လေးနေရာ စဖွင့်ပါတယ်။ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိနဲ့ ဇေယျာသီရိ ပြည်သူ့ဆေးရုံတို့ ဖြစ်ပါ တယ်။ စဖွင့်ပြီးတော့ မတ် ၂၅ ရက်က စပြီး ပြည်ပပြန်တွေကို လက်ခံခဲ့တာ ဒီဆေးရုံ လေးရုံမှာ ၁၇၉ ဦး ဖြစ်သွား ပါတယ်။ ဒါနဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌထံ တင်ပြလမ်းညွှန်မှုခံယူပြီး ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်အတိုင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ စည်ပင် ဧည့်ရိပ်သာကတော့ ငါးနေရာမြောက် ထပ်ဖွင့်တာဖြစ်ပြီး၊ ဒီနေ့အထိ ၆၂၀ ရှိပြီ ဖြစ်ပါတယ်။ NCVT အသင်းဟာ ကိုယ်တိုင်ထည့်ဝင်ငွေတွေ ပါသလို အလှူရှင်များရဲ့ ထည့်ဝင်ငွေတွေနဲ့ လည်း ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ အသင်းအနေနဲ့ တစ်နေ့ကို ပြည်ပပြန်တွေအပါအဝင် စည်ပင် ဝန်ထမ်းအပါ ၇၉၉ ဦးနဲ့ စေတနာ့ ဝန်ထမ်းများ၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်အပါအဝင် လူပေါင်း ၁၀၀၀ ကျော်ရဲ့ စားရေးတို့ကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

ဒီနေ့ဆို ဒက္ခိဏဆေးရုံက ၂၁ ဦး၊ ဇေယျာသီရိဆေးရုံက ၁၁ ဦးနဲ့ ပုဗ္ဗသီရိဆေးရုံက ၂၇ ဦးတို့ကို ကျန်းကျန်းမာမာနဲ့ ပြန်လည်စေလွှတ် ပေးနေပြီ ဖြစ်ပါတယ်။ ဒီစည်ပင် ဧည့်ရိပ်သာကတော့ ဧပြီ ၁၀ ရက်ဆို စတင်ပြီး ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။ ဧပြီ ၁၇ ရက်ဆို အားလုံး ပြန်နိုင် တော့မှာ ဖြစ်ပါတယ်။ ၁၇၊ ၁၈ ရက် နောက်ပိုင်း ပြည်ပပြန်ညီအစ်ကိုတွေ ကို စောင့်ရှောက်မှုအပိုင်းပြီးတဲ့အခါ NCVT အသင်းအနေနဲ့ ကုန်သည် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ ညှိနှိုင်းနေတာရှိပါတယ်။

နိုင်ငံတော် က ထောက်ပံ့ပေးနေတာက တစ်ပိုင်း ပါ။ ကျွန်တော်တို့ ဆန်ကို အများကြီး သက်သာတဲ့နှုန်းနဲ့ ရာခိုင်နှုန်းတစ်ခု အထိ အရှုံးခံပြီး ကြက်ဥတို့၊ ဆီတို့နဲ့ သုံးခုတွဲပြီး ပြည်သူတွေကို ရောင်းချ ပေးဖို့၊ ကျေးရွာအရောက် ရောင်းချပေး ဖို့ စီစဉ်နေပါတယ်။ ကြက်သား ဆိုလည်း မွေးမြူရေးလုပ်ငန်းရှင် အသင်းနဲ့ ချိတ်ဆက်ပြီး အပြင်မှာ တစ်ပိဿာ ငွေကျပ် ၄၀၀၀/- ဆို ကျွန်တော်တို့က ငွေကျပ် ၃၂၀၀/- စျေး နဲ့ ပြည်သူတွေဝယ်လို့ အဆင်ပြေ အောင် ဒီလိုမျိုး စီစဉ်ပေးပါမယ်။ ဧပြီ ၂၃ ရက် နောက်ပိုင်းမှာဆို မြဝတီမှာရှိတဲ့ Quarantine Centre တွေက ပြန်ဝင်လာမယ့် သူတွေလည်း ရှိတဲ့အတွက် လက်ခံဖို့လည်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆက်လုပ် သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ကပ်ရောဂါ ဆိုတာ ပူးပေါင်းရင်ဆိုင် တွန်းလှန်မှ အောင်မြင်မှာဖြစ်ကြောင်း ပြောကြား လိုပါတယ်။

 

mz

ဦးမျိုးနေဇော်
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
လယ်ဝေးမြို့နယ်

ဒီ စည်ပင်ဧည့်ရိပ်သာ Facility Quarantine မှာ ၈-၄-၂၀၂၀ မှ ၁၀-၄-၂၀၂၀ ရက်နေ့အထိ ကွပ်ကဲရေးရုံး မှာ ရုံးအဖွဲ့မှူးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ကျန်းမာ ရေး၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့၊ NCVT(Naypyitaw Covid-19 Volumteer Team)တို့နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ၂၇-၃-၂၀၂၀ ရက်နေ့မှ ၄-၄-၂၀၂၀ ရက်နေ့အထိ Facility Quarantine ထားသူပေါင်း ကျား ၄၂၄ ဦး၊ မ ၁၉၆ ဦး စုစုပေါင်း ၆၂၀ ရှိပါတယ်။ ဒီ ၆၂၀ ထဲမှာ နေပြည်တော် ရှစ်မြို့နယ်အပြင် ပင်လောင်းမြို့က တစ်ဦး၊ ဆင်ပေါင်ဝဲ မြို့က တစ်ဦးနဲ့ ပြည်မြို့က တစ်ဦး ပါပါတယ်။ စည်ပင်ဧည့်ရိပ်သာမှာ Facility Quarantine ထားသူတွေကို သက်ဆိုင်ရာအဆောင်မှာ တစ်ခန်းကို နှစ်ဦး နေရာချထားပေးပါတယ်။ သတ်မှတ် ၁၄ ရက်တာကာလအတွင်း သတ်မှတ်တဲ့နေရာမှာ နေဖို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းတွေနဲ့ပေါင်းပြီး လမ်းဆုံလမ်းခွတွေကနေ စောင့်ကြပ် ကြည့်ရှုပြီး အပြင်မထွက်ဖို့ ထိန်းချုပ် ပေးရပါတယ်။ ဒါ့အပြင် နေရေးစားရေး၊ ကျန်းမာရေးကိစ္စအဝဝ ရေမလာတာ၊ မီးမရတာတို့ကိုလည်း သက်ဆိုင်ရာ ဌာနများနဲ့ ပေါင်းစပ် ချိတ်ဆက် ဆောင်ရွက်ပေးပါတယ်။ သတင်း တင်ပြမှုအနေနဲ့ နေ့စဉ် ထူးခြားမှု ရှိ၊ မရှိနဲ့ စာရင်းဇယား အချက်အလက် တွေကို တစ်နေ့ နှစ်ကြိမ် မနက် ၆ နာရီ တစ်ကြိမ်၊ ညနေ ၆ နာရီ တစ်ကြိမ် နေပြည်တော်ကောင်စီသို့ ပေးပို့တင်ပြ ဆောင်ရွက်လျက်ရှိပါတယ်။

 

ppm

ဒေါ်ဖြူဖြူမြင့်

နေပြည်တော် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဒုဥက္ကဋ္ဌ

နေပြည်တော် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ၂၇-၃-၂၀၂၀ ရက်နေ့ ကစပြီး တာဝန်ယူ ဆောင်ရွက်ပါတယ်။ တစ်ရက်ကို ၁၀ ဦး၊ အရာရှိတစ်ယောက်ဦးစီးပြီး ပြည်ပ က ပြန်လာတဲ့သူတွေကို ကျန်းမာရေး စစ်ဆေးတဲ့အခါ ပူးပေါင်းဆောင်ရွက် ပါတယ်။ ပြည်ပပြန်တွေလာတဲ့အခါ သက်ဆိုင်ရာ တာဝန်ကျအဆောင်၊ အခန်းကို လိုက်ပါပို့ဆောင်ပေးရ ပါတယ်။ ကြက်ခြေနီအဖွဲ့ဝင်တွေက အခန်းတွေမှာ နေရာချတဲ့အခါ မှတ်ပုံ တင်နဲ့ လူ ကိုက်မကိုက် တိုက်ဆိုင် စစ်ဆေးပါတယ်။ မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် ကျန်းမာရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ဖို့နဲ့ ကိုယ် အပူချိန်တိုင်းတာဖို့ သွားရောက်တဲ့ အခါ ကြက်ခြေနီအဖွဲ့ဝင်တွေက လက်ကိုင် Hand Speaker နဲ့ Mask စနစ်တကျတပ်ဆင်ဖို့၊ မိမိအခန်း ပြတင်းပေါက်ဘေးမှာ အသင့်နေပေးဖို့ နှိုးဆော်ပေးပါတယ်။

 

st

ဦးစိန်သောင်း (ရပ်မိရပ်ဖ ကံသာ ကျေးရွာ လယ်ဝေးမြို့နယ်)

ကျွန်တော်တို့ဆီမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ မကူးစက်မပြန့်ပွား စေရေးဆောင်ရွက်ဖို့ မြို့နယ်က ညွှန်ကြားလာတဲ့အခါ ရပ်မိရပ်ဖ အနေနဲ့ ရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး NGO အဖွဲ့ ကျန်းမာရေး ဌာနတို့နဲ့ အစည်းအဝေးပြုလုပ်ပြီး ပြည်ပကပြန်လာသူတွေကို စာရင်း ကောက်ရပါတယ်။ စာရင်းကောက်ပြီး တဲ့အချိန်မှာ မြို့နယ်ကို သတင်းပဲပို့ရ သေးတဲ့ အနေအထားဆိုတော့ ရွာမှာပဲ စောင့်ကြည့်ကာလအနေနဲ့ ထားပေး ရတယ်။ ရွာကို ပြန်လာတဲ့သူ ၆၃ ဦး ထဲမှာ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၁၈ ဦး ရှိပါတယ်။ မြို့ကိုပို့ရမယ့် အစီ အစဉ်မဟုတ်သေးတော့ ကျွန်တော်တို့ ရွာမှာပဲ သီးသန့်ထားရတယ်။ သူတို့ရဲ့ စားရေးသောက်ရေးကို အစော ကတည်းက ကြိုတင်စီစဉ်ထားတာရှိ တယ်။

သူတို့ရဲ့ အစားအသောက်၊ ရေကအစ အပြင်ကိုမထွက်ရဆိုတဲ့ စနစ်နဲ့ ကျွန်တော်တို့အနေနဲ့ ရပ်ရွာက ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ရိက္ခာတွေ သွားပို့တယ်။ သူတို့ရဲ့ ဆွေမျိုးတွေ ကလည်း ပို့ကြတယ်။ သူတို့တွေ အပြင်မထွက်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ဌာနဆိုင်ရာက အချိန်နဲ့တစ်ပြေးညီ စောင့်ရှောက်ပေး တယ်။ နောက်ပိုင်းမှာ ပြည်ပက ပြန်လာတဲ့ ၁၄ ဦးကို မြို့နယ်အစီအစဉ် နဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို ပို့ပေးပါတယ်။ ရွာမှာလည်း ညစဉ် ညတိုင်း ကျန်းမာရေးဌာန၊ ရပ်မိရပ်ဖ၊ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး အသံချဲ့စက်နဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မိမိ မိသားစုထဲက ပြည်ပက ပြန်လာ တဲ့သူရှိရင် သက်ဆိုင်ရာကို အချိန်မီ အကြောင်းကြားဖို့ အသိပေးနှိုးဆော် လျက်ရှိပါတယ်။