နေပြည်တော် နိုဝင်ဘာ ၁၆
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ (၁၄)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်း ပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ရာ ပျဉ်းမနားမြို့ မာရ်အောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝ အရှင်သူမြတ် အမှူးပြုသော ဆရာတော် သံဃာတော် ၁၈ ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပျဉ်းမနားမြို့ မာရ်အောင် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍဝ အရှင်သူမြတ်ထံမှ မြို့တော်ဝန်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် မြို့တော်ဝန်က ပျဉ်းမနားမြို့ မာရ်အောင်ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍဝ အရှင်သူမြတ်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကထိန်အလှူခံကျောင်း ဖြစ်သည့် ပုဗ္ဗသီရိမြို့နယ် ရွာသစ်ရွာ၊ ရန်အောင်မြင် ကျောင်းတိုက်ဆရာတော်ထံ ကထိန်လျာ သင်္ကန်းအား ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပျဉ်းမနားမြို့ မာရ်အောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသော ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ (၁၄)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲတွင် ဝန်ထမ်းမိသားစုများ စုပေါင်းလှူဒါန်းသော ပဒေသာပင်များနှင့် ဝတ္ထုငွေ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၂၀,၆၄၇,၆၅၀ ဖြစ်ကာ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ရွာရှိ ရန်အောင်မြင် ကျောင်းတိုက်သို့ လှူဒါန်းပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
MDN


