နေပြည်တော် ၂၅ ဧပြီ
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အင်ကြင်းစျေးရှိ ပျံကျစျေးသည်များအား စျေးမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ဆိုင်ခန်း တစ်ခန်းနှင့်တစ်ခန်း ၆ ပေခွာ၍ နေရာချထားပေးမှု ကို ယနေ့ ဧပြီ ၂၅ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့နေရာချထားပေးရာတွင် စျေးများဌာန ဒုတိယဌာနမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်စံ၏ ကြီးကြပ်မှုနှင့်အတူ စျေးတာဝန်ခံ ဦးသိန်းဇော်နှင့် ဝန်ထမ်း ၁၂ ဦးမှ သားငါးတန်း၊ ကုန်စိမ်းတန်း၊ ကုန်စုံတန်း စသဖြင့် စနစ်တကျ နေရာချထားပေးခြင်းဖြစ်ပြီး စျေး၏အရှေ့ဘက် မြေနေရာအား ယနေ့ နံနက်မှစတင်ပြီး စက်ယန္တယားများအသုံးပြု၍ မြေညှိခြင်းများဆောင်ရွက်လျက်ရှိရာ အဆိုပါ မြေငြိဆောင်မှုပြီးစီးပါက ပျံကျစျေးသည် ၃၀၀ ကို ထပ်မံ၍ နေရာချထား ပေးမည်ဖြစ်ကြောင်းနှင့် နေပြည်တော် အဝန်းအဝိုင်းရှိ ခေတ္တပိတ်ထားသည့် ကျေးလက်စျေးများမှ စျေးသည်များသည် ယခု အင်ကြင်းစျေးသို့ လာရောက်ရောင်းချလျက်ရှိသည့်အတွက် စျေးတွင် စျေးဝယ်သူ စျေးရောင်းချသူများဖြင့် အချိန်ပြည့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အတူ ဓနသိဒ္ဓိရပ်ကွက်ရှိ အောင်ပန်းမြိုင် လူမှုကူညီရေးအသင်းမှ ယနေ့ နံနက်တွင် စျေးသို့လာရောက်သော စျေးဝယ်သူများနှင့် စျေးရောင်းချသူများကို MASK အခု ၅၀၀ ဝေငှခဲ့ကြောင်း သိရသည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)


