နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌ နိုင်ငံတကာမှ နှလုံးအထူးကု ဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအား ခွဲစိတ်ကုသ

နေပြည်တော် ၁ ဖေဖေါ်ဝါရီ

 

နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌ နိုင်ငံတကာမှ အထူးကုဆရာဝန်ကြီးများနှင့် စဉ်ဆက်မပြတ် ဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအား ယနေ့ နံနက် ပိုင်းမှ စတင်၍ ခွဲစိတ် ကုသပေးလျက်ရှိသည်။

 

အဆိုပါ ကုသမှုဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံ Rakuwakai Marutamachi Hospital မှ နှလုံးအထူးကု ဆရာဝန်ကြီး Dr.Kinzo Ueda နှင့် Kyoto University မှ Dr.Kanji Inoue တို့သည် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာ သက်ဟိန်း၊ ဒေါက်တာအောင်အောင် နှင့် JMMHG အဖွဲ့အစည်းမှ နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာသန်းဌေး ဦးဆောင်သောအဖွဲ့တို့ပူးပေါင်း၍ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအား နှလုံးသွေးကြောချဲ့ခြင်း (Coronary Angiogram and Percutaneous Coronary Intervention) နှင့် နှလုံးသွေးကြောထောက်ကိရိယာ (Stent) ထည့် ကုသခြင်းများကို ဆောင်ရွက်ကြရာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးအေးမြင့်နှင့် တာဝန်ရှိသူများက နှလုံးအထူးကု ဆရာဝန်ကြီးများနှင့် ဆေးကုသမှုခံယူနေကြသည့် လူနာရှင်များအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ အားပေးကြသည်။

 

နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌ နိုင်ငံတကာမှ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်း၍  နှလုံးသွေးကြောကျဉ်း ရောဂါဆိုင်ရာခွဲစိတ်ကုသမှုမှာ သတ္တမအကြိမ်မြောက်အဖြစ် ကုသပေးခြင်းဖြစ်ပြီး နှလုံးရောဂါဝေဒနာရှင်များ အနေဖြင့် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးရှိ နှလုံးအထူးကု ဆရာဝန်ကြီးများနှင့်လည်း အချိန်မရွေးကုသမှု ခံယူနိုင်ကြောင်း သိရှိရသည်။

 

(ရွှေကုက္ကို)