နေပြည်တော်    စက်တင်ဘာ ၂၂ 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အနာဂတ်ကြယ်ပွင့်ကလေးများ ပရဟိတဂေဟာသို့ ဆန်(၁၀)အိတ်၊ ဆီ(၁၀) ပိဿာ နှင့် ငွေကျပ် (၄)သိန်းတို့ကို  ယနေ့ ညနေပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့် က အနာဂတ်ကြယ်ပွင့်ကလေးများ ပရဟိတဂေဟာမှ သားငယ် သမီးငယ် ကျောင်းသားကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ကိစ္စ အကူအညီ တောင်းခံလာခြင်းမှ ဤပရဟိတဂေဟာကို သိရှိ၍ လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ကျင့် တရားကောင်းမွန်ပြီး စည်းကမ်း ပြည့်ဝသောလူ ငယ်များအဖြစ် နေထိုင် ကျင့်ကြံရမည်ဖြစ်ပါကြောင်း၊ ပညာကို ကြိုးစားရှာဖွေ ကြရမည်ဖြစ်ပါ ကြောင်း၊ ရည်မှန်းချက်ပန်း တိုင်ကို တစိုက်မတ်မတ် လုပ်ဆောင်ကြရမည် ဖြစ်ပါ ကြောင်း တွေ့ဆုံ အားပေးစကားပြောကြားသည်။
    
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျောင်းသား/ကျောင်းသူ လူငယ်များကို အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆန်၊ ဆီ နှင့် ငွေကျပ် (၄)သိန်း တို့ကို ထောက်ပံ့လှူဒါန်းရာ သိက္ခာတော်ရဆရာတော် ဦးလင်းထန်က လက်ခံရယူပြီး အနာဂတ် ကြယ်ပွင့်ကလေးများပရဟိတဂေဟာမှ သားငယ်သမီးငယ် များက အကများနှင့် သီချင်း များဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကာ သိက္ခာတော်ရဆရာတော်က ကျေးဇူးတင်စကား ပြောကြား သည်။
    
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ အနာဂတ်ကြယ်ပွင့်ကလေးများ ပရ ဟိတဂေဟာတွင် ချင်းပြည်နယ်၊ ကန်ပကလက်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး တမူးမြို့နယ်တို့မှ ချင်းတိုင်းရင်းသား/တိုင်းရင်းသူ (၃၂)ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့မှ နာဂတိုင်းရင်းသား/ တိုင်း ရင်းသူ(၂၄)ဦးနှင့်ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှ အာခါတိုင်းရင်းသား/ တိုင်းရင်းသူ(၄) ဦး၊ စုစုပေါင်း (၆၀) လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)