နေပြည်တော် စက်တင်ဘာ ၁၀
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိနှင့် ပျဉ်းမနားမြို့နယ်များအတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် သီရိရတနာ အဆင့်မြင့် ဈေးဆိုင်ခန်းများ ပတ်ဝန်းကျင် လမ်းဘေး ဝဲ/ယာ မြက်ချုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှု၊ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ ကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရွှေချီရပ်ကွက် အထက(၁)အနီး လမ်းဘေးတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်များ စနစ်တကျ စွန့်ပစ်သိမ်းဆည်းနိုင်ရန် အလျားပေ ၂၀၊ အနံ ၈ ပေနှင့် အမြင့် ၅ ပေအရွယ်အစားရှိ အမှိုက်ကန်ထားရှိမည့် နေရာတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကင်ပွန်းတန်းအုပ်စု အာဟာရသုခဈေးမှ သကြားစက်သွားလမ်းဘေးရှိ စွန့်ပစ်အမှိုက်ပုံများအား သန့်ရှင်းရေးလုပ်သားများဖြင့် သိမ်းဆည်းနေမှု၊ မင်္ဂလာရှမ်းကန် ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး ဆောင်ရွက်ထားမှု အခြေအနေများ၊ ရာဇဌာနလမ်းမကြီးနှင့် စိန်ချယ်လမ်း လမ်းဆုံတွင် Box Culvert တစ်စင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


