နေပြည်တော် ဧပြီ ၁၇
(၁၅) ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။
အခမ်းအနားတွင် ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံမှ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် အမှူးပြုသောဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူကြည်ညို ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးကိုးပါးအား ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များကို တစ်ပါးလျှင် ၄၅ ဆူ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက်ပဓာန နာယက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ်မြတ်ကြီးထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ကျင်းပသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ဆည်အတွင်း ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ သွားရောက်၍ ဆည်ရေပြင်အတွင်း ရွှေဝါငါးကြင်း အကောင်ရေ ခြောက်သောင်းနှစ်ထောင်၊ ငါးမြစ်ချင်း အကောင်ရေ တစ်သောင်း စုစုပေါင်း ငါးအကောင်ရေခုနှစ်သောင်း နှစ်ထောင်တို့ကို ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်