နေပြည်တော် ၁၉ မတ်
နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြသော လူနာများနှင့် လူနာစောင့်များအား 2019 Novel Coronavirus (COVID -19) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးမှုကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် ဆေးရုံအုပ် ဒေါက်တာခင်ဆန်းဆန်းကျော်၊ သူနာပြုအုပ်ကြီး ဒေါ်စောရွှေနှင့် လုပ်ငန်းအရာရှိ(ဆေးလူမှု) ဦးအောင်အောင်တို့မှ (COVID -19) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့ပြင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ လူနာများ ရောက်ရှိလာပါက ကုသပေးမည့် အစီအစဉ်များ၊ လူနာများအား သီးခြားလူနာခန်းတွင် ထားရှိနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ရောဂါပျံ့ပွားမှုနှုန်းကို ထိန်းချုပ်စေလိုရေးအတွက် လူနာတစ်ဦးလျှင် လူနာစောင့်တစ်ဦးသာ စောင့်ရှောက်စေလိုသော အခြေအနေများကို လိုက်နာဆောင်ရွက်ကြရန်နှင့် လူစုလူဝေးကိုရှောင်ရန်၊ ဖျားနာနေလျှင် အိမ်မှာနေရန်၊ မလိုအပ်ဘဲ ခရီးမသွားရန်၊ အခန်းကျယ်တွင် တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာတွင် နေထိုင်ရန်၊ တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းတို့ကို ရှောင်ကြဉ်ရန် စသည်တို့ကိုလည်း ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြပြီး စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့်ကိုလည်း လက်တွေ့သင်ကြား သရုပ်ပြခဲ့ကြောင်း သိရသည်။
ထို့အတူ ဟောပြောပွဲသို့ လာရောက်နားထောင်သူများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပြီး (COVID -19) (အဆုတ်ရောင်ရောဂါ)နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဆိုက် http://mohs.gov.mm တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် ကျန်းမာရေး ပညာပေးသတင်းအချက်အလက်များကို ဝင်ရောက်ဖတ်ရှုကြရန်လည်း တိုက်တွန်းသည်။
ဟန်လင်းနိုင်


