နေပြည်တော် ၃၁ ဇန်နဝါရီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (2019-nCoV) (အဆုတ်ရောင်ရောဂါ) နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ အစည်းအဝေးခန်းမဆောင်(၂)၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်မှုဆောင်မှ တာဝန်ရှိသူများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ပထမလက်ထောက် ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ဝန်ထမ်း များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျွမ်းကျင်သူဒေါက်တာပပ၊ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေး (ဆေးရုံအုပ်ကြီး-ပူးတွဲတာဝန်)၊ ပါမောက္ခဒေါက်တာတင့်တင့်ကြည် (ဆေးပညာ)၊ ပါမောက္ခ ဒေါက်တာ ကျော်ကျော်ဦး(ဆေးပညာ)၊ အထူးကုဆရာဝန်ကြီး ဒေါက်တာခိုင်ဝင်းထွန်း(အဏုဇီဝ)တို့က 2019 Novel Coronavirus အကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် လူနာများရောက်ရှိလာပါက ကုသပေးမည့် အစီအစဉ်များ၊ လူနာများအား သီးခြားလူနာခန်းတွင် ထားရှိနိုင်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေး ပညာပေးသတင်းအချက်အလက်များ၊ Video ဖိုင်များကို Scan ဖတ်၍ Website သို့ ဝင်ရောက်ကြည့်ရှု နိုင်မည့် QR Code များကို လူနာဆောင်အသီးသီးတွင် ထားရှိရန် ဆောင်ရွက်ထားရှိမှုများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် အထူးကုဆရာဝန်ကြီး ဒေါက်တာခိုင်ဝင်းထွန်း(အဏုဇီဝ)မှ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများအား (Personal Protective Equipment) ဝတ်ဆင်နည်း၊ ချွတ်နည်းများအား အသေးစိတ်သင်ကြားပေးပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)