နေပြည်တော် ၁၄ ဒီဇင်ဘာ

 

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးမည့် အစီအစဉ်တစ်ခုဖြစ်သည့် 13th International Friendship Medical Mission 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr. Mike DeNomaနှင့် Smile Asia ၏ General Council Member, Mr. Michael Wu တို့က အမှာစကားပြောကြားကြသည်။

 

ထို့နောက် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၏ ကျွမ်းကျင်သူ ဒေါက်တာဒေါ်ပပက ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် ပါမောက္ခ ဒေါက်တာဒေါ်နုနုမေက ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr. Mike DeNoma ထံသို့လည်းကောင်း၊ ပါမောက္ခ ဒေါက်တာဦးဝင်းထွန်းက Smile Asia ၏ General Council Member, Mr. Michael Wu ထံသို့ လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နှုတ်ခမ်းခွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသမှု ခံယူနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုကြသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနက ဦးစီး၍ Smile Asia Medical Team နှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော အဆိုပါခွဲစိတ်ကုသမှု အစီအစဉ်တွင် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် Smile Asia အဖွဲ့မှ ခွဲစိတ်ဆရာဝန်ကြီးများက ဒီဇင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ (၄)ရက်ကြာ အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်ကြသည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် (၁၀၂)ဦးရှိကြောင်း သိရသည်။

 

သတင်းစဉ်