နေပြည်တော် ဧပြီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်း၍ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ မိမိတို့ အသက်အန္တရာယ်ကို ပဓာနမထားဘဲ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ပါးသွားပြီ ဖြစ်ပါကြောင်း၊ Quarantine Center များ Positive Center များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည့်အတွက် ကိုဗစ်-၁၉ ရောဂါ၏ အမျိုးမျိုးသော မျိုးကွဲသစ်များကို တားဆီးနိုင်ပြီဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည်မှစတင်၍ ယနေ့ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာသည်အထိ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ကြသည့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ခဲ့သော နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး တက်ရောက်လာကြသည့် ပရဟိတလူမှုကူညီရေးအသင်းများမှ စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်