နေပြည်တော်  နိုဝင်ဘာ  ၁၂

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး က ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးဆုံးအချိန်သည် ကလေးရဲ့ဘဝအစ အစောပိုင်းနှစ်များသာဖြစ်၍ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်အောင် လူ့ဘောင်အသိုင်းအဝန်းအတွင်း ပြုစုပျိုးထောင်ရာမှာ မိဘများတွင်သာမကဘဲ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်မှလည်း ကလေးများအတွက် မျှော်မှန်းပြီး စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် ကောင်းမွန်သည့် အနာဂတ်ကောင်းများဖန်တီးနိုင်မည့် အခွင့်အလမ်းများ၊ အကြံဉာဏ်ကောင်းများ၊ ဌာနဆိုင်ရာဆောင်ရွက်ထားရှိမှုများ၊ ဆွေးနွေးချက်များ ဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် က  ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေ သည့်လုပ်ငန်းများကို အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)