နေပြည်တော် ၂၀ မတ်
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် လက်လုပ်တောင်ရွှေနန်းသွင်းစေတီ၌ အပတ်စဉ် လာရောက်၍ ခင်ပွန်းကြီး(၁၀)ပါး တောင်းပန်ကန်တော့ခြင်း၊ တရားဘာဝနာများ ရှုမှတ်ပွားများခြင်း ကုသိုလ်ပြုမှုအား ( ၂.၂.၂၀၂၀ ) ရက်နေ့မှစတင်၍ ခေတ္တရပ်နားထားကြောင်း သိရသည်။
အဆိုပါကုသိုလ်ပြုပွဲအား ဦးဆောင်ကျင်းပ၍ ကုသိုလ်ပြုနေသော လက်လုပ်တောင်ရှိ ဗောဓိဟိတ ကာရီ သာသနာပြုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ဘိုဘိုက ကုသိုလ်ပြုပွဲအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့်အတိုင်း ရပ်နားထားပြီး တရားကျင့်ဖော်များကို မိမိတို့၏ နေအိမ်များ၌သာ အဓိဌာန်မပျက် ကုသိုလ်ပြုကြရန်နှင့် သက်ဆိုင်ရာမှ ညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်ပြီး ကျန်းမာစွာနေထိုင်ကြဖို့ အဖွဲ့ဝင် (၁၀၀၀)ကျော်အား မှာကြားထား ပြီးဖြစ်ကြောင်း၊ ပုံမှန်ဘုရားဖူးလာကြသူများအားလည်း လက်ဆေးရန် နေရာနှင့် လက်ဆေးရည်များ ထားရှိပေးခြင်း၊ ပညာပေးစာစောင်များ၊ ကြော်ငြာများကပ်ထားပေးခြင်းများ၊ ဖြည့်စွက်အာဟာရများ၊ ဆေးများလည်း လှူဒါန်းပေးလျက်ရှိကြောင်း ပြောသည်။
ဗောဓိဟိတကာရီအဖွဲ့အနေဖြင့် ၂၀၁၈ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ပြီး အပတ်စဉ် လက်လုပ်တောင် ရွှေနန်းသွင်းစေတီ၏ ကုသိုလ်ပြုပွဲအား တရားကျင့်ဖော် (၁၀၀၀)ကျော်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် COVID-19 ရောဂါ ကင်းစင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင် ကြေငြာမှသာ အပတ်စဉ် ကုသိုလ်ပြုပွဲအား ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးအောင်ဘိုဘို ထံမှ သိရသည်။
စံထိုက်လင်း


