နေပြည်တော် ၂၁ မေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်ရှိ ရွှေကျောင်းတော်ကြီး၌ ယနေ့ နံနက် ၉ နာရီတွင် လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်းပွဲ ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသည့် မေတ္တသုတ် ပရိတ်တရား တော်များကို နာယူကြည်ညိုတော်မူကြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

 

a

 

ထို့နောက် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။

အဆိုပါ ဆွမ်းဆန်တော်လှူဒါန်းပွဲ အခမ်းအနားတွင်  Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်/ ထိန်းချုပ်/ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း ၉ ကျောင်း၊ သီလရှင်ကျောင်း ၄ ကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၄၁၇ ပါး၊ သီလရှင် ၂၂၆ ပါး၊ စုစုပေါင်း ၆၄၃ ပါးတို့အတွက် ဆွမ်းဆန်တော် အိတ် ၁၂၉ အိတ် လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး စေတီတော်သို့ သွားရောက်၍ ဂန္ဓကုဋိတိုက်နှင့် ရင်ပြင်တော် စကျင်တာရာဇို ခင်းကျင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများနှင့် သာသနာ့ဗိမာန်တော်ကြီးအတွင်း (၄။x၁။x၂၊) အတိုင်းအတာရှိသော လျှာထိုး ကျွန်းပါကေး ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်