နေပြည်တော် ၂၂ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေပြည်တော် မြို့မဈေးနှင့် မြို့မဈေး အဝေးပြေးယာဉ်ရပ်နားစခန်းတို့တွင် ပိုးသတ်ဆေးဖျန်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းလုပ်ငန်းများကို နေပြည်တော် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ၊ လမ်းများ၊ ယာဉ်ရပ်နားသည့် နေရာများနှင့် မြို့မဈေးအဝေးပြေးယာဉ် ရပ်နားစခန်းတို့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဆေးဖျန်းယာဉ် (၃)စီး၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ အဆင့်မြင့် မီးသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၃)စီးနှင့် ရေမှုန်ရေမွှားလုပ်စက် (LUF 50) Robotic Fire Fighting Vehicle (၂)စီးတို့ဖြင့် ဆောင်ရွက်ကြသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း နေ့စဉ်ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးသန်း


