နေပြည်တော် ဇန်နဝါရီ ၁၃

 

အခြေခံစာ တတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ အတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဝင်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာဝင်းဖေ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင်  ကျေးလက် ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခု ဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုနယ်မြေ စာသင်ဝိုင်းများတွင် စာသင်သားများသင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။

 

ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ဘုန်းတော်ကြီး ကျောင်းရှိ စာသင်ဝိုင်းသို့သွားရောက်၍ အဆိုပါစာသင်ဝိုင်းများတွင် သင်ကြားသင်ယူနေမှုများနှင့် စာသင်သားများ၏ စာတတ်မြောက်မှု အခြေအနေများကို ကြည့်ရှုအားပေးသည်။ ထို့နောက် စာသင်ဝိုင်းအတွက် စာရေးကိရိယာများပေးအပ်၍ လိုအပ်သည်များ ကိုဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့်  လယ်ဝေးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(စည်ပိုင်း) စာသင်ဝိုင်းနှင့် အေလာရွာမဘုန်းတော်ကြီးကျောင်းရှိ စာသင်ဝိုင်းသို့သွားရောက်၍ အဆိုပါ စာသင်ဝိုင်း၌ စာတတ်‌မြောက်ရေး သင်ကြား၊ သင်ယူလျက်ရှိသည့် စေတနာရှင်လုပ်အားပေး နည်းပြ၊ ကြီးကြပ်များနှင့် စာသင်သားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စာသင်ဝိုင်းများအတွက် စာရေးကိရိယာများ ပေးအပ်ကြသည်။

 

ပညာရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းတို့ကို ၁ ရက်လျှင် ပျမ်းမျှ ၃ နာရီနှုန်းဖြင့် သတ်မှတ်နာရီများချမှတ်၍ ရက်ပေါင်း (၄၀)နှင့် ရက်ပေါင်း(၉၀)ကြာ သင်ကြားခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)