နေပြည်တော် မေ ၁၆
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကွပ်ကဲမှုအောက်ရှိ လယ်ဝေးခရိုင်၊ ပုဗ္ဗသီရိခရိုင်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ် ဘဏ်ခွဲလေးခုမှ တောင်သူဦးကြီးများအား ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့တွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံအတွင်း စားနပ်ရိက္ခာ ဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးတို့ကို ရည်ရွယ်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀/- နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀/- နှုန်း ထုတ်ချေးပေးလျက်ရှိသည်။
၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို လယ်ဝေးခရိုင် ဘဏ်ခွဲအနေဖြင့် ကျေးရွာ အုပ်စု (၁) အုပ်စု၊ တောင်သူ (၅၀) ဦး၊ စပါး (၁၇၆) ဧက အတွက် ချေးငွေကျပ် (၂၆ ဒသမ ၄) သန်း၊ ပုဗ္ဗသီရိခရိုင် ဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု (၁) အုပ်စု၊ တောင်သူ (၄၇) ဦး၊ စပါး (၁၆၅) ဧက၊ အခြားသီးနှံ (၇) ဧက အတွက် ချေးငွေကျပ် (၂၅ ဒသမ ၄၅) သန်း၊ ပျဉ်းမနားမြို့နယ် ဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု (၁) အုပ်စု၊ တောင်သူ (၅၅) ဦး၊ စပါး (၁၆၃) ဧက၊ အခြားသီးနှံ (၃၂) ဧကအတွက် ချေးငွေကျပ် (၂၆ ဒသမ ၁၅) သန်းနှင့် တပ်ကုန်း မြို့နယ် ဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု (၁) အုပ်စု၊ တောင်သူ (၅၅) ဦး၊ စပါး (၁၉၁) ဧက၊ အခြားသီးနှံ (၁၀) ဧကအတွက် ချေးငွေကျပ် (၂၉ ဒသမ ၆၅) သန်း စတင်ထုတ်ချေးပေး လျက်ရှိသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကွပ်ကဲမှုအောက်ရှိ ဘဏ်ခွဲလေးခုမှ နေပြည်တော် နယ်မြေအတွင်းရှိ တောင်သူများသို့ ချေးငွေများ စိုက်ပျိုးရာသီချိန်အမီ ရရှိရေး ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်