တွေ့ဆုံမေးမြန်း-မျိုးမြင့်၊ မျိုးသူဟိန်း

ဓာတ်ပုံ-စိုးဝင်းထွန်း

 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြသည်။

 

ယနေ့တွင်လည်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများသို့လာရောက်၍ ကြိုတင်ဆန္ဒမဲများကို လျှို့ဝှက်ဆန္ဒပြုမဲပေးလျက် ရှိကြသည်။

 

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်နေကြသည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ မဲရုံးမှူးများနှင့် ကြိုတင်ဆန္ဒမဲပေးကြသည့်ပြည်သူများ၏ ပြောကြားချက်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

 

ဦးဇော်မင်း (ဥက္ကဋ္ဌ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်)

သပြေကုန်းရပ်ကွက်မှာ ဆန္ဒမဲပေးဖို့အတွက် မဲရုံနှစ်ရုံရှိပြီး မဲဆန္ဒရှင်ဦးရေ ၄၃၀၀ ကျော်ရှိပါတယ်။ အသက်(၆၀) ကျော် ကြိုတင်ဆန္ဒမဲပေးမယ့် ဦးရေ ၃၆၀ ကျော်ရှိပါတယ်။ အသက်(၆၀) ကျော်ပြီး ကျန်းမာသန်စွမ်းတဲ့သူတွေ ကတော့ မဲရုံမှာလာရောက်မဲပေးကြပါတယ်။ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် အသက်(၆၀) ကျော်တဲ့ ကျန်းမာရေးမကောင်းတဲ့သူ၊ မဲရုံကိုလာရောက် မဲမပေးနိုင်တဲ့သူတွေအတွက် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ဝင်တစ်ဦး၊ မဲရုံမှူး၊ ပါတီတွေက ကိုယ်စားလှယ်တွေနဲ့အတူ အိမ်အရောက်သွားပြီး မဲပေးနိုင်ဖို့ ဆောင်ရွက် ပေးပါတယ်။ ဒါ့အပြင် ရပ်ကွက်ထဲမှာရှိတဲ့ မသန်စွမ်းသူတွေကိုလည်း မဲပေးနိုင်ဖို့အတွက် အိမ်အရောက် ဆောင်ရွက်ပေးပါတယ်။ ကိုဗစ်-၁၉ ကာလမှာ အသက်(၆၀)ကျော် အသက် အရွယ်ကြီးရင့်တဲ့သူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေအတွက် သီးခြားအနေနဲ့ ကြိုတင်မဲပေးရတဲ့အတွက် ရောဂါကာကွယ်ပြီးသား ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့လည်း စိတ်ကျေနပ်မှုရမယ်လို့ ယုံကြည်ပါတယ်။ မဲလာရောက်ပေးတဲ့သူတွေ မဲစာရင်း အလွယ်တကူရှာတွေ့နိုင်ဖို့ လမ်းညွှန် ဇယားတွေကပ်ထားပါတယ်။ မဲဆန္ဒရှင်တစ်ဦးက သူ့ရဲ့မဲစာရင်းကိုအလွယ် တကူ မတွေ့ဘူးဆိုရင် သူနေထိုင်တဲ့ ခြံအမှတ်ကို ပြောတာနဲ့ မဲစာရင်း ချက်ချင်းသိနိုင်အောင် ဆောင်ရွက်ထား ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း လာရောက်မဲပေးတဲ့သူ တွေကို အပူချိန်တိုင်းပေးတယ်။ လက်ဆေးဘေစင်တွေ၊ လက်သန့်ဆေးရည်၊ Mask၊ အပူချိန်တိုင်း ကိရိယာတွေကို အဆင်သင့်အသုံးပြု နိုင်ဖို့ ဆောင်ရွက်ပေးထားပါတယ်။

4+

 

ဒေါ်ခင်စိန်ကြည် (မဲဆန္ဒရှင်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)

အဒေါ်က အသက်(၆၀) ကျော်ပြီဖြစ်တဲ့အတွက် ကြိုတင်မဲလာပေးတာပါ။ မဲစာရင်းကို ယခင်ကတည်းက လာကြည့်ထားတော့ အခုမဲပေးတဲ့အခါမှာလည်း လွယ်လွယ်ကူကူနဲ့ မဲပေးနိုင် ပါတယ်။ မဲပေးရတာလည်း အဆင်ပြေ ပါတယ်။ လွတ်လပ်စွာမဲပေးနိုင်ခဲ့တယ်။ တစ်ဦးတစ်ယောက်က စိတ်အနှောင့်အယှက်ပေးတာမျိုး မရှိပါဘူး။ ကိုယ့်စိတ်ကြိုက် မဲပေးခဲ့ရပါတယ်။ အခုလို မဲပေးခဲ့ရတဲ့အတွက်လည်း နိုင်ငံသားတစ်ဦးအနေနဲ့ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ကိုဗစ်ကာလဆိုတော့ တန်းစီတဲ့နေရာမှာ လည်း သတ်မှတ်တဲ့ အကွာအဝေးနဲ့ တန်းစီရတယ်။ မဲပေးမယ့်နေရာကို ဝင်တဲ့အခါမှာလည်း အဖျားတိုင်းတယ်။ လက်သန့်ဆေးရည် နဲ့ လက်ဆေးရတယ်။ မဲပေးပြီးတော့ ပြန်ထွက်လာတဲ့အခါမှာလည်း လက်ကို ဆပ်ပြာနဲ့ သန့်စင်အောင် ဆေးကြောရပါတယ်။

 

ဦးထွန်းရှိန် (မဲဆန္ဒရှင်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)

ကြိုတင်မဲပေးရတာ အားလုံးအဆင် ပြေပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကိုလည်း တိတိ ကျကျလိုက်နာပြီး လိုအပ်တာတွေ အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရပါတယ်။ မဲပေးဖို့ တန်းစီရတဲ့အချိန်ကနေစပြီး မဲပေးပြီးတဲ့အချိန် ထိ နည်းနည်းတော့ ကြာသွားပါတယ်။ ကြာတယ်ဆိုတာကလည်း မဲလာပေးတဲ့သူတချို့က သူတို့ရဲ့ မဲစာရင်းတွေ ကြိုတင်မကြည့်ထားကြတော့ နည်း နည်းကြန့်ကြာမှုတွေရှိပါတယ်။ ဒါပေမယ့် လိုအပ်တာတွေကို မဲရုံတာဝန်ရှိသူတွေက ကူညီပေးနေပါတယ်။ ဒါကြောင့် နောက်ရက်တွေမှာ ကြိုတင်မဲပေးမယ့် သူတွေအနေနဲ့လည်း မဲစာရင်းတွေ ကြည့်ထားကြဖို့ ပြည်သူတစ်ယောက် အနေနဲ့ တိုက်တွန်းချင်ပါတယ်။

 

ဒေါ်သန်းမြိုင် (မဲဆန္ဒရှင်၊ စက်ကုန်းကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်)

အဘွားက အသက်(၇၅)နှစ်ရှိပါ ပြီ။ အသက်(၆၀) ကျော်တွေအတွက် ကြိုတင်မဲပေးကြဖို့ စီစဉ်ပေးထားတဲ့အတွက် ကျည်တောင်ကန်ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ကြိုတင်ဆန္ဒမဲလာပေးတာဖြစ်ပါတယ်။ မဲစာရင်းလည်း ကြိုပြီးကြည့်ထားတော့ မဲပေးရတာ အားလုံးအဆင်ပြေပါတယ်။ လွတ်လွတ်လပ်လပ်ရှိပါတယ်။ ကိုယ့်စိတ်ကြိုက်ပေးခဲ့ရပါ တယ်။ Mask တပ်တာ၊ လက်ဆေးတာတွေကိုလည်း ဆောင်ရွက်နိုင်ဖို့ မဲရုံအဝင်မှာ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးထားပါတယ်။ အဘွားအမျိုး သားကလည်း အသက်(၇၅)နှစ်ရှိပါပြီ။ သူကတော့ ကျန်းမာရေးအခြေအနေ အရ မဲလာမပေးနိုင်လို့ တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက်မဲပေးနိုင်ဖို့ လာရောက် ဆောင်ရွက်ပေးကြမယ်လို့ သိရပါတယ်။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

 

ဦးထွန်းဝင်း (မဲရုံမှူး၊ ကျည်တောင်ကန် ကျေးရွာအုပ်စု၊ ပုဗ္ဗသီရိမြို့နယ်)

ဒီတစ်ကြိမ်ရွေးကောက်ပွဲက မဲရုံမှူး တွေကို သင်တန်းပေးထားတဲ့အတွက် လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့အခါမှာ အရင်ကထက် ပိုပြီးအဆင်ပြေပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း မဲရုံတိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေရှိသလို လုံခြုံရေးအတွက်လည်း မဲရုံတွေအတွက် အထူးရဲတွေကလည်း တာဝန် ယူဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းတွေကိုလည်း ကျန်းမာရေးဌာနက ပံ့ပိုးဆောင်ရွက်ပေးထားပါတယ်။ မနေ့ကစပြီး ကြိုတင်မဲပေးခွင့်ရှိသူတွေ လာရောက်မဲပေးနေကြပါပြီ။ နောက်ပိုင်းရက်တွေမှာတော့ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတွေ၊ မဲရုံတာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့က အိမ်အရောက်သွားပြီး လာရောက်မဲမပေး နိုင်တဲ့ သက်ကြီး ရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ မသန်စွမ်းတွေအတွက် မဲထည့် နိုင်အောင် လိုက်လံဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။

 

ဦးညိုကြီး (ဥက္ကဋ္ဌ၊ ကျည်တောင်ကန် ကျေးရွာအုပ်စု၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ပုဗ္ဗသီရိမြို့နယ်)

ကျွန်တော်တို့နယ်မြေမှာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူဦးရေ ၃၈၀၀ ကျော်ရှိပါတယ်။ ကြိုတင်ဆန္ဒမဲပေးမယ့်သူ ၂၀၀ ကျော်ရှိပါတယ်။ ဒီနေ့အထိ ကြိုတင်ဆန္ဒမဲလာပေးတာ လူဦးရေ ၁၀၀ ကျော်ရှိပါတယ်။ ကြိုတင်ဆန္ဒမဲ လက်မှတ်တွေ ထည့်ထားတဲ့ မဲပုံးတွေကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံစိတ်ချရအောင်ထားပြီး မဲရုံမှူး၊ ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲက တာဝန်ရှိသူတွေ၊ ပါတီကိုယ်စားလှယ်တွေနဲ့ ရဲတပ်ဖွဲ့က လုံခြုံမှုရှိအောင် နေ့၊ ည တာဝန်ယူစောင့်ရှောက်ကြပါတယ်။ ကျွန်တော် တို့အနေနဲ့က မဲပေးတဲ့သူတွေ လုံလုံခြုံခြုံလွတ်လွတ်လပ်လပ် မဲပေးနိုင်ဖို့နဲ့ ဆန္ဒမဲတွေ လုံခြုံစိတ်ချဖို့အတွက်ကို အဓိက ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အုပ်စုမှာရှိတဲ့ မဲဆန္ဒရှင် တွေအားလုံး မဲစာရင်းလာကြည့်ကြပါတယ်။ ကြည့်ကြဖို့လည်း လိုက်လံဆော်ဩတယ်။ မဲစာရင်းတွေ ကပ်ထားပေးတယ်။ မဲဆန္ဒရှင်တွေ အနှောင့် အယှက်မဖြစ်စေဖို့အတွက် ပါတီဝန်းရံ သူတွေ၊ ပါတီထောက်ခံသူတွေ မဲရုံနားကို မလာရောက်ကြဖို့ သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်တွေကို ပြောထားပြီးဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်အတိုင်း သတ်မှတ်ထားတဲ့ဧရိယာ အတွင်း မဝင်ရောက်နိုင်အောင် လုံခြုံ ရေးတွေချထားပြီး ဖြစ်ပါတယ်။

 

ဒေါ်ကာရုံ (မဲဆန္ဒရှင်၊ ကုန်းမြင့်ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်)

အဒေါ်က အင်ဖက်ရောင်းပါတယ်။ အင်ဖက်ရောင်းပြီးအပြန် မဲလာပေးတာပါ။ ငါးနှစ်မှတစ်ခါ မဲပေးရတဲ့ အတွက် အခွင့်အရေးကို လက်မလွတ်ရအောင် အခုလိုအားတဲ့အချိန်မှာ ကြိုတင်မဲလာပေးတာ ဖြစ်ပါတယ်။ လွတ်လွတ် လပ်လပ် ကြိုတင်ဆန္ဒမဲပေးခွင့်ရပါတယ်။ ကိုယ်နှစ်သက်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ပြီး မဲထည့်ခဲ့ပါတယ်။ မဲပေးတဲ့အခါမှာလည်း မဲရုံထဲကို ဝင်တာနဲ့ လက်ဆေးရတယ်။

 

အပူချိန်တိုင်းရတယ်။ လက်သန့်ဆေးရည်တွေ ဖျန်းပေးတယ်။ တစ်ဦးနဲ့တစ်ဦး သတ်မှတ်အကွာအဝေးနဲ့ မဲပေးရတော့ အစစအရာရာအဆင်ပြေ ပါတယ်။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

 

နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ သီရိ(၅)မြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များ၌ လက်ရှိစာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ ၉၀၁၀၀၀ ကျော်ရှိပြီး အသက်(၆၀)ကျော် ကြိုတင်ဆန္ဒမဲပေး ခွင့်ရှိသူဦးရေ ၁၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။