နေပြည်တော်၊ နိုဝင်ဘာ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် အေးမြင့်သာယာကျေးရွာ တောင်သူများ၏ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည့် ဆောင်းသီးနှံစိုက်ခင်းများ စိုက်ပျိုးနိုင်မှုအခြေအနေများကို အားပေးပြီး သီးနှံများ အချိန်မီစိုက်ပျိုးပြီးစီးရေးနှင့် ရေးကြီးရေလျှံ နုန်းတင်မှုဖြစ်ပေါ်ခဲ့သော စိုက်ပျိုးမြေများ စနစ်တကျပြုပြင်ပြီး အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကိုတာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။ 
ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ထိခိုက်ခဲ့သည့် မိုးစပါးစိုက်ခင်းများကို စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆက်စပ်ဌာနတာဝန်ရှိသူများ၊ တောင်သူများ ပူးပေါင်း၍ အချိန်မီ ကုစားဆောင်ရွက်ပေးနိုင်ခဲ့သည့်နည်းတူ ပျက်စီးခဲ့သည့် မိုးစပါး စိုက်ခင်းများနေရာတွင် ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရန် လိုအပ်သော စိုက်ပျိုး မြေပြုပြင်ခြင်း၊ မြေဆီလွှာဓါတ်ခွဲစစ်ဆေးပေးခြင်း၊ သွင်းအားစုထောက်ခံချက်ပေးခြင်းနှင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုနိုင်ရေးဆိုင်ရာများကို သက်ဆိုင်သူအားလုံးတို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒေသ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမှုမရှိစေရေးနှင့် တောင်သူများ၏ ဝင်ငွေပုံမှန်ရရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက သီးနှံအလိုက် အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးပြုစုရမည့် နည်းလမ်းများ၊ အဓိကသီးနှံ စိုက်ကွင်းများ၏ ကန်သင်းနှင့် မြေလွတ်နေရာများတွင် ဝင်ငွေရအခြားသီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ စားဖိုဆောင်သီးနှံများ စိုက်ပျိုးကြရန်နှင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးရေးဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တောင်သူများက ဒီဇင်ဘာဒုတိယပတ်အတွင်း ဆောင်းသီးနှံများအပြီး စိုက်ပျိုးသွားမည့် အစီအစဉ်များနှင့် လိုအပ်ချက်များကိုတင်ပြကြရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်