နေပြည်တော် ၅ ဒီဇင်ဘာ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာ နိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ညအပူချိန်များ လျော့နည်းနေမည်။

 

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက် အနေဖြင့် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

MDN