နေပြည်တော်  ၁၂  ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲကို ကျင်းပမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်ပြခန်းကို ယနေ့မှ စတင်ခင်းကျင်းပြသလျက် ရှိသည်။

 

အဆိုပါပြခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ၊ ရဲဘော်သုံးကျိပ်နှင့် တပ်မတော်သားဘဝ၊ နိုင်ငံရေးသမားဘဝ၊ မိသားစုဘဝနှင့် နိုင်ငံခြားခရီးစဉ်မှတ်တမ်း ဓာတ်ပုံများအပြင် ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ရေးသားဖွဲ့ဆိုထားသည့် ကဗျာအပါအဝင် စာအုပ်၊ စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ယူခင်းကျင်းပြသ လျက်ရှိရာ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

 

ပြခန်းသို့ လာရောက်ကြည့်ရှုသူ ပျဉ်းမနားမြို့နေ ဦးလှမြင့်က ဗိုလ်ချုပ် ကြေးရုပ်ကြီးကို စတင်တည်ဆောက်ကတည်းက စိတ်ဝင်စားခဲ့ရတယ်။ အခုလိုပြီးသွားတော့ အင်မတန်မှ ထည်ထည်ဝါဝါရှိပြီးကျက်သရေရှိတယ်၊ အခုပြခန်းမှာလည်းဗိုလ်ချုပ်ရဲ့ နိုင်ငံရေး သမားဘဝဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေ၊ တက္ကသိုလ်ကျောင်းသားဘဝရဲ့မှတ်တမ်းတွေကို တွေ့ရတဲ့အတွက် အတွေ့အကြုံလည်းရတယ်၊ ဗဟုသုတလည်းရတယ်။ အရင်တုန်းက ဗိုလ်ချုပ်ရဲ့အကြောင်းတွေကို အပြင်မှာပဲကြားရတယ်၊ အခုကျတော့ လက်တွေ့သိရတယ်။ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းစာအုပ်တွေကိုလည်းဝယ်ပါတယ်။ အင်မတန်မှ ဂုဏ်ယူတယ်၊ ဝမ်းသာ တယ်။ ကျွန်တော့်ရဲ့မြေးတွေသားသမီးတွေကိုလည်းလာပြဦးမှာပါဟုပြောသည်။

 

အဆိုပါဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ပြခန်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညပိုင်းအထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေပင်လယ်(သုတေသန)