နေပြည်တော် သတင်းစာတိုက်များနှင့် ဝန်ထမ်းအိမ်ရာများ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုစေရန် ပိုးသတ်ဆေးများ ပက်ဖျန်း

နေပြည်တော်  ၆   ဧပြီ    

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း လက်အောက်ရှိ သတင်းစာတိုက် ဝန်ထမ်းအိမ်ရာများတွင်  ဧပြီ  ၆ ရက် နံနက်ပိုင်းက ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူဖြစ်စေရန် ပိုးသတ်ဆေးများပက်ဖျန်းပေးခဲ့သည်။

ထိုသို့ ပိုးသတ်ဆေးများပက်ဖျန်းပေးရာတွင် ဥတ္တရခရိုင်မီးသတ်ဦးစီးမှူး ဦးစောလွင်အေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဖြင့် ခရိုင်အဆင့်ဖွဲ့စည်းထားသော ကာကွယ်ဆေးဖျန်းအဖွဲ့ မှ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ၊ အိမ်ရာအတွင်းရှိ စားသောက်ဆိုင်များ၊ ကားဂိုဒေါင်နှင့် မူကြိုကျောင်း များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆိုဒီယမ် ဟိုက်ဒရို ကလိုရိုက်ပါဝင်သော ပိုးသတ်ဆေး များကို ပက်ဖျန်းပေးခဲ့ကြသည်။

အလားတူ ယမန်နေ့ကလည်း အဆိုပါ ကာကွယ်ဆေးဖျန်းအဖွဲ့မှ မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက်နှင့် နေပြည်တော်သတင်းစာတိုက်တို့ရှိ ရုံးခန်းများနှင့် စက်ရုံတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက်ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - သီဟစည်သူ