နေပြည်တော် ဇန်နဝါရီ ၁

 

နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးနှင့် နေပြည်တော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက “ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့် တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက် စေလိုကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လယ်ယာထုတ်ကုန်ပစ္စည်းများ နှင့် စက်သုံးဆီများ တရားမဝင် ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက် စေလိုကြောင်း၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ပြီး အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” စသည်ဖြင့် အမှာစကားပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် ဆောင်ရွက်နေမှု အခြအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

သတင်းစဉ်