နေပြည်တော် ဇန်နဝါရီ ၁၃

 

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော် ခြင်းနှင့် ကုသိုလ်တော် ဆည်းပူးခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

 

ဦးစွာ ကြွရောက်ချီးမြှင့်တော်မူသော ဆရာတော် သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ် သွန်းတော်မူကြသည်။

 

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညို၍ ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာဒိစ္စဝံသ ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

 

ယမန်နေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းခဲ့သည့် ဖိုးသူတော်ကန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြုပြင်ထိန်းသိမ်းသည့် ရှေးဟောင်းအဆောက်အအုံအမှတ် (၇၅၂) ပြုပြင်ထိန်းသိမ်းထားရှိမှု၊ ပုဂံခေတ်ဗုဒ္ဓတက္ကသိုလ်ဖြစ်သည့် ဆင်ဖြူရှင် Complex အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများနှင့် သာသနာရေးနှင့် ယဉ်‌ကျေးမှုဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းခဲ့သည့် အာမနာကန်နှင့် ရွှေထီးကန်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းအလိုက် ဆောင်ရွက်ရန်အချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ရွှေမုဋ္ဌောဘုရား၊ ဖောင်တော်ဦးဘုရား၊ ရတနာ မဉ္စူဘုရားများသို့ သွားရောက် ဖူးမြော်ကြည့်ရှု၍ အဆိုပါဘုရားများရှိ အာရုံခံသစ်သားတန်ဆောင်းများ ပျက်စီးယိုယွင်းမှုကို အမြင်တင့်တယ်မှုရှိအောင် သပ်သပ်ရပ်ရပ်ဖြင့် ပြင်ဆင်ထိန်းသိန်းမှုများ ပြုလုပ်ရန်နှင့် မူလလက်ရာမပျက် အမြန်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်