နေပြည်တော်   ၃၁   ဇန်နဝါရီ

 

မြတ်ဗုဒ္ဓခြေတော်ရာ သိရီပါဒဂန္ဓကုဋိကျောင်းတော် ရေစက်ချအလှူမင်္ဂလာနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင်  နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရာဟုထောင့်ရှိ နှစ်ကျိပ်ရှစ်ဆူ မဟာဗောဓိ ဥယျာဉ်တော်အတွင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် ဆရာတော် သံဃာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် ဆရာတော် သံဃာတော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့က သိရီပါဒဂန္ဓကုဋိ ကျောင်းဆောင်တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ မထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မှုသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 

ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒ စရိယ အဘိဓဇမဟာရဌဂုရု၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ မထေရ်မြတ်က မုဒိတာစကားမြွတ်ကြားတော်မူပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်များ လျှောက်ထားတော်မူသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်၊ ပထမကျော်၊ အဂ္ဂမဟာအကျော်၊ အဌကထာပြန်အကျော်၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ၊ ပါဠိပါရဂူ၊ တိပိဋကဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စေတီယင်္ဂဏပဝရသီရိမဟာဓမ္မဂုရု၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာ)က ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) ဒုတိယဝန်ကြီး ဦးကြည်မင်းအား "ဓမ္မပဏ္ဏာကာရ" မြတ်ဗုဒ္ဓခြေတော်ရာ ပုံတော်အား ပေးအပ်လှူဒါန်းပြီး ဗိသုကာပညာရှင်များက မြတ်ဗုဒ္ဓခြေတော်ရာ သိရီပါဒဂန္ဓကုဋိကျောင်းဆောင်တော်ဆိုင်ရာ မှတ်တမ်းအား ဂေါပကအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ)မထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ယင်းနောက် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ၊ ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)