နေပြည်တော် ၇ ဇန်နဝါရီ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ (၁၂၆) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးထံမှ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲ များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိတော်ကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပဋ္ဌာန်းစာအုပ်၊ ပဋ္ဌာန်းအိုးနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနု မောဒနာတရား နာကြားကြသည်။

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၆)ကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ပူဇော်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်