နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရေး၊ စာရေရိက္ခာ ဖူလုံရေးအတွက် စိုက်ဧကများအလိုက် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး တို့ကို အလေးထား ဆောင်ရွက် ကြစေလိုကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကို ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီရုံး၌ တွေ့ဆုံပြီး တိုက်တွန်းပြောကြားလိုက်သည်။
ထို့ပြင် ဒေသအလိုက် ထုတ်လုပ်မှုကဏ္ဍများ တိုးတက်အောင် ဆောင်ရွက်သွားရန်၊ စားသုံးကုန်ပစ္စည်းများကို ဒေသတွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရန်၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် လယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့်ကုစားမှုများ လုပ်ဆောင်ကြရန်၊ ကျောင်းနေအရွယ် ကလေးများအားလုံး KG+9 အထိ မဖြစ်မနေ ကျောင်းတက်ရောက် ပညာသင်ကြား နိုင်ရေးနှင့် အမှန်တကယ် စာတတ်မြောက်အောင် သင်ကြားပေးရန်၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်း သာယာရေးနှင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းများ မှန်မှန်ကန်ကန် ရရှိစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


