နေပြည်တော်၊ ဇူလိုင်၊ ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံး ထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ (၁) ၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင် စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ ကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိရေး တိုးချဲ့စိုက်ပျိုး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံကုန်ကြမ်းများ အချိန်မီရရှိစေရေးနှင့် တစ်နှစ်ပတ်လုံး ထွက်ရှိစေရေးအတွက် ရေမြေသဘာဝနှင့် ကိုက်ညီသည့် ဆီထွက်သီးနှံ စိုက်ပျိုးခြင်းပုံစံ (Cropping Pattern) ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လယ်၊ ယာ၊ ကိုင်း/ကျွန်း၊ ဥယျာဉ်ခြံ၊ သစ်တော၊ တောင်ယာ၊ အခြား စသည့် မြေအမျိုးအစားအလိုက် မိုးကောင်းသောက်၊ ဆည်ရေ၊ ရေတင် စသည့်ရေရရှိမှု နည်းလမ်းများကို အခြေခံပြီး ရေးဆွဲရမည်ဖြစ်ကြောင်း၊ ထို့ပြင် တောင်သူအသိပညာပေး စင်တာများတွင် စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း ဆီထွက်သီးနှံ ကုန်ကြမ်းများ တစ်နှစ်ပတ်လုံး ထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးမည့် အစီအမံများ၊ စီမံကိန်းလျာထားချက်များ၊ ဆီထွက်သီးနှံ တစ်နှစ်ပတ်လုံး ကုန်ကြမ်းရရှိရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ မျိုးသန့်မျိုးစေ့ထုတ် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆည်ရေလှောင်တမံများအလိုက် ရေဝင်ရောက်မှု၊ ရေအလေအလွင့် ဆုံးရှုံးမှု နည်းပါးစေရေး၊ စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေး၊ စိုက်ပျိုးရေရရှိနိုင်မည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေမှု၊ သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်