နေပြည်တော်၊ ဇူလိုင် ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် ဆီထွက်သီးနှံ ဆင်းရွှေကြာ မိုးနေကြာစံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် တွေ့ဆုံကာ သီးနှံများ၏ ဈေးကွက်အခွင့်အလမ်း ကောင်းများ၊ စိုက်ပျိုးရေး သွင်းအားစုစရိတ် သက်သာစေမည့် နည်းလမ်းများ၊ အထွက်နှုန်းနှင့် သီးနှံအရည်သွေး ကောင်းမွန်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသော ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား၍ သွင်းအားစုမြေဩဇာများ ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ရေဆင်းငါးသားဖောက်စခန်း၌ ကျင်းပသည့် ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ငါးမွေးကန် (၄၃၉ ဒသမ ၆) ဧက၌ ငါးမွေးမြူထုတ်လုပ်လျက်ရှိကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသရှိငါးမွေးမြူရေးလုပ်ငန်းအတွက် အရည်အသွေး ကောင်းမွန်သော ငါးသားပေါက်များ ထုတ်လုပ်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနက နည်းပညာများ ပံ့ပိုးပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့် သင်တန်းမှရရှိသည့် စာတွေ့ လက်တွေ့ နည်းပညာများကို အသုံးပြု၍ ကိုယ်တိုင်မွေးမြူ ထုတ်လုပ်နိုင်ကြခြင်းဖြင့် ငါးမွေးတောင်သူ မိသားစုများ ဝင်ငွေတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စု တောက်ထိန်ကျေးရွာရှိ ပုဂ္ဂလိက ဥစားကြက်မွေးမြူရေးခြံ၏ ဥစားကြက်ကောင်ရေ (၆၀၀၀) မွေးမြူထားရှိမှုနှင့် ကြက်ဥဖြန့်ဖြူး ရောင်းချနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးအားပေးပြီး ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူများ ကူးစက် ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးမှာကြားသည်။

ဒေသ၊ ရေ၊ မြေနှင့်ကိုက်ညီသည့် ဆီထွက်နေကြာ မျိုးကောင်းမျိုးသန့်များ အသုံးပြု နိုင်ရေး၊ တောင်သူများ ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိစေမည့် သီးနှံအထွက်နှုန်း ရရှိရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူများက နည်း ပညာနှင့်လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်