တွေ့ဆုံမေးမြန်း−ရွှေပင်လယ်
ဓာတ်ပုံ− မျိုးသီဟ(ပျဉ်းမနား)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးဦးတည်ချက်တွင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကို ချမှတ်ပြီး တွန်းအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ စီးပွားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ရှိနေသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များကို နိုင်ငံတော် အကြီးအကဲကိုယ်တိုင် တွေ့ဆုံဆွေးနွေးကာ လုပ်ငန်းရှင်များ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ဖြည့်ဆည်းမှုများ၊ ဖြေရှင်းပေးမှုများ ပြုလုပ်ပေးခဲ့သည်။ 


ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားအောင် ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ ဒေသအလိုက် ထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတ ကုန်ကြမ်းများကို အခြေခံကာ အရည်အသွေး ကောင်းမွန်သည့် ကုန်ချောအမည်(အမယ်)အမျိုးမျိုး ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန် ပြည်ပသွင်းကုန်များကို အစားထိုးနိုင်ရန် နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ 


ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်နှင့်အညီ နိုင်ငံ၏အချက်အချာကျသည့်နေရာတွင် တည်ရှိကာ လမ်းပန်းဆက်သွယ်ရေးအပါအဝင် အဘက်ဘက်မှ ကောင်းမွန်သည်။ ရေ၊ မြေ၊ သယံဇာတများနှင့်ပြည့်စုံ သကဲ့သို့ ၎င်းထွက်ကုန်များကို အခြေခံပြီး ကုန်ထုတ် လုပ်ငန်းများလုပ်ကိုင်ရန်အတွက်လည်း လိုအပ်ချက် များပြည့်စုံလျက်ရှိသည်။ ပြည်တွင်းကုန်ထုတ်လုပ်ခြင်းကို မြှင့်တင်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ အားမာန်၊ ဇွဲလုံ့လ၊ ဆန်းသစ်တီထွင်သော စိတ်ကူးအကြံဉာဏ်၊ ခွန်အားများကို အရင်းတည်ကာ ဆောင်ရွက်လျက် ရှိသည့် ဥတ္တရသီရိမြို့နယ် ဝက်စုကျေးရွာ၌ အဂ္ဂဂေဟာကျွန်းနက် မြန်မာမှု ပန်းပုလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင် ဦးကျော်ကျော်နှင့် တွေ့ဆုံ မေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်။


မေး။ ။ ဘယ်လိုသစ်အမျိုးအစားကို ကျွန်းနက်လို့ သတ်မှတ်ခေါ်ဆိုပါသလဲ။


ဖြေ။ ။ ကျွန်းနက်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့် ရေကြောင်းတွေမှာ မျှောချတဲ့ ကျွန်းပင်က ကျွန်းတုံးတွေက ချောင်းကွေ့တွေ၊ ရေစီးအားနည်းသွားတဲ့အခါမှာ ရေအောက်ထဲကို ရောက်သွားပါတယ်။ ရေအောက်ထဲမှာ သဲနဲ့ နုန်း ဓာတ်ပေါင်းပြီးတော့မှ ကျွန်းတုံးတွေကနေ ကျွန်းနက်ဖြစ်ပါတယ်။ ချောင်း၊ မြစ်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ကျွန်းပင်တွေက ရေစီးအားကြောင့် အမြစ်တွေ ပြိုလဲပြီးတော့မှ ရေအောက်ထဲကို ရောက်သွားတယ်။ ရေအောက်ထဲမှာ နှစ်ကာလ ကြာမြင့်တဲ့အခါ ကျွန်းသစ်သားဟာ အဝါသားတွေ ကနေမှ လုံးဝနက်သွားပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်မှ ကျွန်းနက်ဖြစ်ပါတယ်။ ကျွန်းနက်ရဲ့ အောက်မှာ အလယ်သားမှာ အနီပါတာတွေ ရှိပါတယ်။ အရောင်တွေမတူပါဘူး။ အနီရှိတယ်၊ အဝါ ရှိတယ်၊ ဘေးနားမှာတော့ နက်နေလိမ့်မယ်။ ကျွန်းနက်ရဲ့အသားကို ဖြတ်လိုက်ပြီး လွှစာမှုန့်ကို မီးရှို့လိုက်ရင် ရှို့လိုက်တဲ့ ကျွန်းနက်ရဲ့ပြာက ရွှေရောင်လေးတွေထွက်တယ်။ အဲဒီပြာကို သံလိုက် နဲ့ကပ်ရင် သံလိုက်ကပ်ပါမှသာ ကျွန်းနက်လို့ ခေါ်ပါတယ်။ ကျွန်းနက်လို့ သတ်မှတ်တဲ့စံနှုန်း ဖြစ်ပါတယ်။ ကျွန်းနက်ဆိုတာက ကျွန်းသားက နက်မှသာ ကျွန်းနက်လို့ ခေါ်တာဖြစ်ပါတယ်။ ကျွန်းပင်တစ်ခုတည်း နက်တာမဟုတ်ပါဘူး။ ပျဉ်းကတိုးလည်း နက်ပါတယ်။ ကုက္ကိုလည်း နက်ပါတယ်။ အင်ကြင်းလည်း နက်ပါတယ်။ ပိတောက်လည်း နက်ပါတယ်။ ရေအောက်ထဲမှာ ရောက်သွားရင် နှစ်ပေါင်းကြာရှည်စွာ ရောက်သွားတဲ့အပင်တော်တော်များများက သဘာဝရဲ့ မြေဆီ လွှာတွေရယ်၊ ရေဓာတ်ရယ်၊ လေဓာတ်ရယ် ပေါင်းသွားရင် အသားတွေက နက်သွားတာဖြစ်ပါတယ်။ အဲဒီလိုနက်သွားတဲ့ သစ်တွေထဲမှာမှ ကျွန်းနက် ဆိုတာက မီးရှို့လိုက်လို့ ပြာက ရွှေရောင်ဖြစ်ရမယ်၊ သံလိုက်ဓာတ်ရှိရမယ်၊ ကျွန်းသားမှန်ရမယ်၊ ဒါမှ ကျွန်းနက်ဖြစ်ပါတယ်။ ကျန်တဲ့အနက်တွေ တော်တော်များများက ရွှေရောင်မဖြစ်ပါဘူး။ မီးရှို့လိုက်ရင် ရိုးရိုးပြာအတိုင်းပဲဖြစ်ပါတယ်။ ပျဉ်းကတိုး နက်ကလည်း ပြာချရင် ၉၀ ရာခိုင်နှုန်းလောက်က ကျွန်းနက်လိုမျိုးပဲ ရွှေရောင်ဖြစ်ပါတယ်။ ကျွန်းနက်နဲ့ ပျဉ်းကတိုးနက်ကို သိဖို့ဆိုရင် သစ်အမျိုးအစားကိုသိမှ ကျွန်းနက်လို့ သိနိုင်မှာဖြစ်ပါတယ်။ ကျွန်းနက် ကျောက်လည်း ရှိပါတယ်။ ကျွန်းနက်က နှစ်ပေါင်း ၁၀၀ ကျော်ရင် ကျွန်းနက်ကျောက်က နှစ်ပေါင်း ထောင်သောင်းချီရှိပါတယ်။ ကျွန်းနက်ကျောက်ကို ရခိုင်ရိုးမဘက်က ရပါတယ်။ ကျွန်တော့်ဆီမှာရှိတဲ့ ကျွန်းနက်ကျောက်ဆိုရင် မှန်ကန်ကြောင်း ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးဖြစ်ပါတယ်။ 


မေး။ ။ ကျွန်းနက်နဲ့ ပန်းပုလုပ်တဲ့နေရာမှာ ကုန်ကြမ်းကို ဘယ်ဒေသတွေကနေရရှိပါသလဲ။


ဖြေ။ ။ နေပြည်တော်ပတ်ဝန်းကျင်မှာ တော်တော်များများထွက်ပါတယ်။ သစ်ထုတ်တဲ့နေရာတွေမှာ ပေါပါတယ်။ ကျွန်းနက်က ရေအောက်ထဲကို အကြောင်းအမျိုးမျိုးကြောင့် ရောက်သွားပြီးတော့ ကျွန်းနက်ဖြစ်တာဖြစ်တဲ့အတွက် အများဆုံး ထွက်တဲ့ဒေသကတော့ ကျွန်းပင်များများပေါက်ပြီးတော့ ရှေးယခင်ခေတ်တွေက ရေစီးကြောင်းရှိတဲ့ နေရာ၊ မြစ်တွေ၊ ချောင်းတွေရှိတဲ့နေရာတွေရဲ့ အောက်မှာ ရှိတာများပါတယ်။ ပဲခူးရိုးမက သစ်ထွက်တယ်။ ချောင်းဟောင်း၊ မြောင်းဟောင်းတွေကနေ ကျွန်းနက်တွေရရှိပါတယ်။ ကျွန်းနက်ကို တောင်သူတွေကနေတစ်ဆင့် ရရှိတာပါ။ ချောင်းတွေထဲ သဲမှုတ်စက်မှုတ်တယ်၊ အဲဒီသဲမှုတ်စက် အောက်ကနေ ကျွန်းတုံးတွေ ပေါ်လာတယ်။ အဲဒီကနေ ကျွန်းနက်ဖြစ်တာပါ။ မြစ်ချောင်းတွေက သစ်တုံးတွေ ဆယ်ရင်းနဲ့ပဲ လာရောင်းတဲ့သူဆီက ကျွန်းနက်သစ်ကို ရရှိတာပါ။ ကျွန်းဆိုတာ နတ်ဝှက် တဲ့ကျွန်းနက်ဖြစ်ပါတယ်။ နတ်ဝှက်ထားတာဖြစ်တဲ့အတွက် ထိုက်တဲ့သူပဲရတာပါ။ ဒီသစ်တုံးတွေကို ရဖို့ဆိုတာ တော်တော်ကြီးကို ခက်ပါတယ်။ နှစ်ပေါင်းရာချီပြီးမှပေါ်တဲ့ ကျွန်းသားတွေဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်းနက်ကို ရှာဖွေပြီး လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေ ရှိပါတယ်။ ကျွန်းသစ်တွေက မြစ်တွေ၊ ချောင်းတွေမှာ နှစ်ကြာလာတော့ သဲတွေဖုံးသွားပါတယ်။ အဲဒီသဲတွေ ဖုံးသွားတဲ့ဆီမှာ တောင်ယာပြန်ယက်ရင်းနဲ့လည်း တွေ့တဲ့သူတွေရှိတယ်။ ရေကန်တွေတူးရင်း နဲ့လည်း အဲဒီအောက်မှာ တွေ့တာရှိတယ်။ ချောင်း၊ မြောင်းတွေနဲ့ နီးတဲ့နေရာတွေမှာ အများဆုံးတွေ့ရှိ ကြပါတယ်။ 


မေး။ ။ ကျွန်းနက်တွေကို နယ်တွေမှာ သွားပြီးဝယ် ရတာလား၊ ဘယ်လိုဝယ်ရတာလဲ။ 


ဖြေ။ ။ နေပြည်တော် တောင်ညိုဘက် ပတ်ဝန်းကျင်မှာချောင်းတွေရှိပါတယ်။ ချောင်း တွေက နှစ် ၁၀၀ ဝန်းကျင်ရှိတဲ့ ချောင်းတွေ ရှိတယ်။ လာရောင်းတဲ့သူတွေရှိသလို လိုချင်တဲ့ သစ်အရွယ်အစားရအောင် ကိုယ်တိုင်လည်းလိုက်ရှာ ရတာရှိပါတယ်။ တန်ရာတန်ကြေး ပေးဝယ်ရပါတယ်။ တစ်ဆင့်ခံဝယ်ရရင် စျေးကြီးပါတယ်။ 


မေး။ ။ အဂ္ဂဂေဟာကျွန်းနက် ပန်းပုလုပ်ငန်းကနေ ကုန်ချောပစ္စည်းအမျိုးအစား ဘယ်နှမျိုးလောက် ထုတ်လုပ်နေလဲဆိုတာလည်း ပြောပြပေးပါ။


ဖြေ။ ။ ဗုဒ္ဓရုပ်ပွားတော် မုဒြာ ၁၈ မျိုးရှိပါတယ်။ ငါးရုပ်၊ ဂဠုန်ရုပ်၊ နဂါး၊ ဇာမနီငှက်၊ ရှင်သီဝလိရုပ်ပွားတော်၊ နဂါးတောင်ဝှေး၊ သန်လျက်၊ လောင်းလှေ၊ ပုတီး၊ အမျိုးသမီးဆံထိုး စသဖြင့် လုပ်ပါတယ်။ ကျွန်းနက်ဆိုတာမျိုးက သိဒ္ဓိတင်ပြီး သား နဝင်းကိုက်ပြီးသားပစ္စည်းဖြစ်ပါတယ်။ ကျွန်းနက်ဆိုတဲ့သဘာဝကိုက ကျွန်းဆိုတာက နှစ်ဂဏန်း၊ နက်က စနေနံ ခုနစ်ဂဏန်း၊ နှစ်နဲ့ ခုနစ်နဲ့ ပေါင်းရင် ကိုးရပါတယ်။ ကိုးနဝင်းကိုက်ပြီးသား ဖြစ်ပါတယ်။ အန္တရာယ်ကင်းတဲ့ပစ္စည်းဖြစ်တဲ့ အတွက် ဆောင်ထားသင့်တဲ့ပစ္စည်းဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေကို ၇ နဲ့စားပြီး ပြတ်တဲ့ဂဏန်းတွေကို ထုလုပ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖြစ်သလို လက်မထုလို့မရပါဘူး၊ ခုနစ်လက်မ၊ ကိုးလက်မ၊ ၁၁ လက်မ၊ ၁၄ လက်မ၊ ၁၈ လက်မ၊ ၂၁ လက်မ၊ ၃၆ လက်မ ထုပါတယ်။ 


မေး။ ။ အဂ္ဂဂေဟာ မြန်မာမှုပန်းပုလုပ်ငန်းအနေနဲ့ အဓိကထုတ်ကုန်က  ဘာကိုအဓိက ထုတ်လုပ်ပါသလဲ။


ဖြေ။ ။ ကျွန်းနက် ဗုဒ္ဓရုပ်ပွားတော် ပန်းပုထုလုပ် တာက ၉၀ ရာခိုင်နှုန်း ထုလုပ်ပါတယ်။ တခြားပစ္စည်းက တစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ပါပါတယ်။ 


မေး။ ။ ကျွန်းနက်ပန်းပုလုပ်ငန်းကနေ MSME လုပ်ငန်းအဖြစ် ဆောင်ရွက်နေပုံကိုလည်း  သိပါရစေ။


ဖြေ။ ။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ဒီကျွန်းနက် ပန်းပုလုပ်ငန်းကို စတင်လုပ်ခဲ့တာပါ။ 


ဒီလုပ်ငန်းကို မလုပ်ခင် ကျွန်တော်က ကျွန်းနက် ပုတီးကို Online ပေါ်က ငွေကျပ် ၁၅၀၀၀၀ နဲ့ ဝယ်ပြီး စိပ်ပါတယ်။ ဒီလိုပုတီးစိပ်ရင်း၊ မြို့ပေါင်း ၆၀ ကျော်ကို ပန်းပေါင်းစုံဘုရားလှူရင်းနဲ့ နေပြည်တော် ပတ်ဝန်းကျင်မှာ ကျွန်းနက်ကလည်း ထွက်တော့ ဒီကျွန်းနက်ပန်းပုလုပ်ငန်းကို စတင်လုပ်ကိုင်ဖို့ ဖြစ်လာတာပါ။ တခြားပန်းပုရုံတွေမှာ ဆင်းတုတော် ထုခိုင်းပြီး ပူဇော်တယ်။ တခြားပူဇော်ချင်သူတွေကို ပေးပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ အောင်မြင်လာတာ ဖြစ်ပါတယ်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်မှာ ကျွန်းနက်ပန်းပု အလုပ်ရုံထောင်ဖို့ ဖြစ်လာခဲ့တာပါ။ လုပ်ငန်းစတင်ချိန်က အလုပ်သမားလေးယောက်နဲ့ စလုပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ စီးပွားရေးအသေးစား လုပ်ငန်းအဖြစ် လုပ်ငန်းလိုင်စင်နဲ့ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေက လူတွေကို ပန်းပုအချောသမားအဖြစ်နဲ့ ပန်းပုပညာလည်း သင်ပေးနေပါတယ်။ လက်ရှိ လူ ၁၄ ယောက်အင်အားနဲ့ ဆောင်ရွက်နေပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်ကို ဆင်းတုတော်တစ်ဆူ၊ တစ်ဆူခွဲလောက် အချောထည်ထွက်ပါတယ်။ ညဆိုင်းတွေပါဆင်းရင် ပိုထွက်ပါတယ်။ ရွာကလူတွေ မြန်မာမှုလုပ်ငန်းကို စိတ်ပါဝင်စားလာအောင် ပညာသင်ရင်းနဲ့ လုပ်အားခပေးပါတယ်။ ဒီရွာနားမှာ အုတ်ဖုတ်လုပ်ငန်းလောက်ပဲ ရှိပါတယ်။ ကျွန်တော့် ဆီမှာ အလုပ်တောင်းရင် ခေါ်ပြီးတော့ လုပ်ပေးနိုင်တဲ့ အတိုင်းအတာအထိ လုပ်ပေးပါတယ်။ အနည်းဆုံး လုပ်အားခက ငွေကျပ် ၈၀၀၀၊ ၉၀၀၀၊ ၁၀၀၀၀၊ ၁၂၀၀၀ ရှိပါတယ်။ တကယ်အလုပ်တွင်လာရင် ငွေကျပ် ၁၅၀၀၀ အထိပေးပါတယ်။ ပညာရှင်ကတော့ ပညာရှင်နှုန်းထားအတိုင်း ပေးပါတယ်။ ဒီလိုလုပ်ရင်း နဲ့အောင်မြင်ခဲ့တာပါ။ ကျွန်တော်တို့ရွာက လူတွေကို ပန်းပုပညာနဲ့ လုပ်ကိုင်စားသောက်လို့ရအောင် အလုပ်အကိုင်အခွင့်အလမ်းတွေ စီစဉ်ပေးနိုင်ခဲ့ပါပြီ။ ပြည်တွင်းထုတ်ကုန်အဖြစ်နဲ့ ပြည်ပကို တင်ပို့လို့ရတဲ့ အထိ လက်ရာအဆင့်ရှိပါတယ်။ 


မေး။ ။ ကျွန်းနက်ပန်းပုထုတ်ကုန်တွေကို ဘယ် ဒေသတွေကို ပို့ပါသလဲ။


ဖြေ။ ။ တစ်နိုင်ငံလုံးနီးပါး ပို့ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား၊ ရခိုင်၊ မူဆယ်၊ တာချီလိတ် စသဖြင့် အများကြီးပို့ပါတယ်။ ပြည်ပဆိုရင် ကျွန်းနက်ဆင်းတုတော်ကို စင်ကာပူအထိ ပို့ပြီးပါပြီ။ ဘုရားတစ်ဆူပင့်သွားတိုင်း ကျွန်တော်တို့အလှူ ပါအောင် လုပ်ပါတယ်။ ငွေကျပ် ၉၀၀၀၀ တန်တဲ့ဘုရားကို ငွေကျပ် ၇၀၀၀၀ နဲ့ ရောင်းပေးလိုက်ရင် အဲဒီမှာ ငွေကျပ် ၂၀၀၀၀ က ကျွန်တော်တို့အတွက် ကုသိုလ်ပေါ့။ ရောင်းပေးတဲ့ဘုရားပေါင်း သောင်းနဲ့ချီ ရှိသွားပါပြီ။


မေး။ ။ ပြည်တွင်းထုတ်ကုန်အနေနဲ့ တခြားပြည်ပ နိုင်ငံတွေကို ထပ်ပို့ဖို့ အစီအစဉ်ရှိရင်လည်း ပြောပြပေးပါ။


ဖြေ။ ။ MSME နဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတွေ တင်ပို့ဖို့အတွက် ကုန်စည်ပြပွဲတွေသွားဖို့ လည်း ရှိပါတယ်။ ကျွန်တော်က ဥတ္တရသီရိ MSME ဘဏ္ဍာရေးမှူးလည်းဖြစ်တော့ အသင်းအဖွဲ့အနေနဲ့လည်း ညီညွတ်မှုရှိပါတယ်။ ပြည်တွင်းကုန်စည်ပြပွဲ တွေမှာလည်း ပြနေပါတယ်။ ကျွန်တော်တို့ နေပြည်တော် MSME အဖွဲ့အနေနဲ့ နိုင်ငံရပ်ခြားတွေ ကိုလည်း ပြည်တွင်းထုတ်ကုန်အနေနဲ့ ပြသဖို့ရှိပါတယ်။ ဘယ်နိုင်ငံရယ်လို့တော့ မဟုတ်ပါဘူး။ MSME အစီအစဉ်နဲ့ပဲ သွားဖို့ရှိပါတယ်။ 


မေး။ ။ လက်ရှိနိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် မြန်မာမှုပန်းပုလုပ်ငန်း ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ 


ဖြေ။ ။ ကျွန်းနက်ပန်းပုလုပ်ငန်းကို ထုတ်ကုန်တစ်ခုအနေနဲ့ လုပ်နေတဲ့လုပ်ငန်းက ရေအောက်ထဲက ရတဲ့ပစ္စည်း၊ မီးရှို့ပစ်ရမယ့်ပစ္စည်း၊ ဆွေးမြည့်သွား မယ့်ပစ္စည်းကို လူတွေရဲ့ ကြည်ညိုဖွယ်ဖြစ်အောင်၊ လူတွေရဲ့ပသာဒဖြစ်အောင် လုပ်ရတာ ဖြစ်ပါတယ်။ သဘာဝစွန့်ပစ်ပစ္စည်းတွေကို အကောင်အထည်ဖော် နေတဲ့လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံခြားဧည့်သည်တွေပါ လာရောက်လေ့လာကြည့်ရှုနိုင်အောင် လုပ်ဖို့ ကြိုးစားစီစဉ်နေပါတယ်။ နိုင်ငံခြားဝင်ငွေရရှိအောင်လည်း ကြိုးစားဆောင်ရွက်မှာပါဗျ။ 


မေး။ ။ ကျွန်းနက်ထုတ်ကုန်တွေရဲ့ ပစ္စည်းစျေးနှုန်းတွေက ဘယ်လိုရှိပါသလဲ။ 


ဖြေ။ ။ ကျွန်းနက်ဘုရား ခုနစ်လက်မတစ်ဆူကို ငွေကျပ် ၇၀၀၀၀၊ ကိုးလက်မတစ်ဆူကို ကျပ် ၁၁၀၀၀၀၊ ၁၁ လက်မတစ်ဆူကို ငွေကျပ် ၁၈၀၀၀၀၊ ၁၄ လက်မတစ်ဆူကို ကျပ် ၃၆၀၀၀၀၊ ၁၈ လက်မတစ်ဆူကို ကျပ် ၅၄၀၀၀၀၊ နဝင်းကိုက် ရောင်းတာဖြစ်ပါတယ်။ လျှော့လိုက်ရင်လည်း ကျွန်တော်တို့ အဂ္ဂဂေဟာမိသားစုက နဝင်းကိုက် လျှော့တာဖြစ်ပါတယ်။ သုံးပေဘုရားတစ်ဆူကို ကျပ် ၃၆၀၀၀၀၀ ရောင်းပါတယ်။ ကျွန်းနက်မစစ်လို့ တော့မဟုတ်ပါဘူး။ ကျွန်တော့်ဆီက အလုပ်သမားတွေ အမြဲတမ်းအလုပ်အကိုင်ရရှိနေစေရမယ်၊ လာဝယ်တဲ့သူအားလုံး စိတ်ချမ်းသာစေရမယ်၊ ကျွန်တော်ကလည်း ကုသိုလ်ရစေရမယ်၊ ပစ္စည်းလည်း များများထွက်မယ်၊ များများရောင်းမယ် နည်းနည်းပဲ အမြတ်ယူပါတယ်။ အလွန်ဆင်းရဲလို့ ပူဇော်ချင်ရင် သုံးလပေးနဲ့ ရောင်းပါတယ်။ အခုဆိုရင် မဟာမြတ်မုနိဘုရားအဆူ ၂၀၀ လာအပ်ထားပါတယ်။ ဒီမုဒြာ ၁၁ လက်မတစ်ဆူကို ငွေကျပ် ၂၇၀၀၀၀ ရောင်း ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရောင်းပေးလိုက်တာဟာ ကျွန်းနက်သစ်အသားကော၊ လက်ခပါ ကျပ် ၁၁၀၀၀၀ နဲ့ ရောင်းပေးလိုက်တာဖြစ်ပါတယ်။ ဒီဘုရားအဆူ ၂၀၀ ပူဇော်မယ့်အိမ်ကို ရောက်သွားတာနဲ့ သူပေးပေး၊ မပေးပေး ဒီကုသိုလ်ကို ကျွန်တော်ရမှာဖြစ်ပါတယ်။ ကျွန်တော့်မိသားစုအားလုံး၊ ပန်းပုဆရာတွေအားလုံး ကုသိုလ်ရမှာဖြစ်ပါတယ်။ သမ္မာ အာဇီဝကျတဲ့လုပ်ငန်းကို လုပ်နေတာဖြစ်ပါတယ်။ ကုသိုလ်ဖြစ် ရောင်းနေတာဖြစ်တဲ့အတွက် တခြားဆိုင်နဲ့တော့ ယှဉ်လို့မရပါဘူး။ 


မေး။ ။ အဂ္ဂဂေဟာမိသားစုက ပန်းပုထုလုပ်ပုံနဲ့ ဆေးပိုင်းဆိုင်ရာ အသုံးပြုမှုကိုလည်း ရှင်းပြပေးပါဦး။ 


ဖြေ။ ။ ဗုဒ္ဓရုပ်ပွားတော်တွေကို ၇ နှင့်စားလို့ ပြတ်တဲ့ ဂဏန်း၊ ၇ နဲ့စားရင် စုံကြွင်းတဲ့ဂဏန်းတို့ကို ထုလုပ်ပါတယ်။ ကျန်တဲ့ဂဏန်းတွေက ထုလို့မကောင်းတဲ့ဂဏန်းတွေပါပါတယ်။ တစ်ပေ ဆိုရင် မကောင်းဘူး၊ ၁၃ လက်မဆို မကောင်းဘူး၊ အချိုးအစားတွေက လူတော်တော်များများ သိကြတဲ့အတိုင်းပဲ ဒူးတစ်ခွင် နှာတစ်ဖျားဖြစ်အောင်တော့ ဦးစားပေးပြီးတော့ ထုပါတယ်။ ဘုရားတစ်ဆူ ကြည့်လိုက်တာနဲ့ မျက်နှာတော်က ပြုံးနေရမယ်၊ ကြည်ညိုဖွယ်ရှိရမယ်၊ ပူဇော်မယ့်သူရဲ့ စိတ်ထဲ ကြည်နူးသွားတဲ့ ဘုရားမျိုးဖြစ်အောင် အတတ်နိုင် ဆုံးကြိုးစားပြီးတော့ ထုလုပ်ပါတယ်။ အင်္ဂါရပ် မပြည့်စုံတဲ့ဘုရားမျိုးမဖြစ်အောင်လည်း ဂရုစိုက်ပါတယ်။ အဲဒီမှာ ဆေးပိုင်းဆိုင်ရာအနေနဲ့ကတော့ လူတွေက ကျွန်းနက်ဆိုတာ နက်တယ်လို့ပဲ သိကြတာပါ။ ကျွန်းနက်က ရေအောက်ထဲမှာ နှစ်ပေါင်း ၁၀၀ ကျော်မှ ကျွန်းနက်တစ်ခုလုံးက နက်သွားတာ ဖြစ်ပါတယ်။ တချို့က နှစ်ပေါင်း ၇၀၊ ၈၀ ရှိတယ်။ ကျွန်းနက်တော့ မှန်တယ်။ အလယ်အူမှာ နီတာ ရှိတယ်၊ ဝါတာရှိတယ်။ အဲဒီလိုအသားဖြစ်လာခဲ့ရင် ဆေးရည်အနက်မှုတ်ရတယ်၊ စီလာအနက် ခံရတယ်။ အဲဒါမှ ကျွန်းနက်ဖြစ်ပါတယ်။ တချို့က အနက်မကြိုက်ဘူး၊ အမည်းဆိုရင် မကိုးကွယ်ချင်ဘူး ဆိုတာမျိုးလည်း ရှိပါတယ်။ မူရင်းအရောင်အတိုင်း လိုချင်ရင် စီလာနှစ်ထပ်၊ လိုက်ကာနှစ်ထပ်နဲ့ ဖယောင်းအုပ်ရပါတယ်။ ကျွန်းနက်သားတွေက ရေအောက်ထဲမှာ နေတာကြာပြီဖြစ်လို့ အပေါ်ကို တက်လာရင် နေဒဏ်နဲ့ လေဒဏ်ကို မခံပါဘူး။ ကျွန်းနက်ဘုရားရုပ်ပွားတော်တွေက နေနဲ့ လေနဲ့ ထိရင် ကွဲပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က စီလာနဲ့ထိန်းရပါတယ်။ နေပူထဲတော့ ထားလို့မရပါဘူး။ ကျွန်းနက်သားတွေက အရောင်ကွဲတာဖြစ်တဲ့ အတွက် မူရင်းအရောင်ရဖို့ ကော်ပတ်ကို အဆင့်ဆင့် ချောရပါတယ်။ ဆေးဆိုလည်း အထပ်ထပ်သုတ်ရပါတယ်၊ အဲဒီလိုလုပ်ပြီးမှ ကျွန်းနက်ဘုရားတစ်ဆူ ကောင်းကောင်းရတာပါ။ ကျွန်းနက်အသားမှန်ရင် မကွဲတာမရှိပါဘူး။ ကွဲသွားတတ်ပါတယ်၊ ကွဲသွား တတ်တာကို အသက်သာဆုံးမကွဲအောင် ထိန်းသိမ်း ပေးပါတယ်။ ကျွန်းနက်ဘုရားရုပ်ပွားတော်က ဘယ်ကပဲဝယ်ဝယ် ကွဲသွားရင် ဘုရားရုပ်ပွားတော် ပြင်ချင်တယ်ဆိုရင် အခမဲ့ပြင်ပေးပါတယ်။ 


မေး။ ။ ကျွန်းနက်မြန်မာမှု ပန်းပုလုပ်ငန်းနဲ့ ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့နဲ့ ပြည်တွင်းထုတ်ကုန်အဖြစ် ဆောင်ရွက်လိုတဲ့ ပြည်သူတွေအတွက် ဘာများပြောချင်ပါသလဲ။


ဖြေ။ ။ ကျွန်းနက်မြန်မာမှု ပန်းပုလုပ်ငန်းဟာ အရိပ်ထဲမှာနေပြီး သက်သက်သာသာ၊ တည်တည်ငြိမ်ငြိမ်နဲ့ အသက်မွေးဝမ်းကျောင်းပညာ ရပ်တစ်ခုလည်းဖြစ်ပါတယ်။ သဘာဝစွန့်ပစ်ပစ္စည်းတွေကို သမ္မာအာဇီဝကျကျဆောင်ရွက်ရလို့ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့လုပ်ငန်းဖြစ်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။    ။