နေပြည်တော်  ဇွန်  ၂၂

 

နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်အတွင်း ငလျင်ဘေး အန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် နည်းပညာတက္ကသိုလ်၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊  နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊   ဆရာ  ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်‌ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာကြပြီး မိမိ၏ပတ်ဝန်းကျင်တွင် ပြန်လည်ပြီး အသိပညာများ ဖြန့်ဝေပေးကြရမည် ဖြစ်ကြောင်း၊ ဘေးအန္တရာယ်သည် တားဆီး၍မရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှုနည်းအောင် ကြိုတင်ပြင်ဆင်ခြင်း အပိုင်းတွင် ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့်  ဘေးအန္တရာယ်များ၏ ထိခိုက်မှုကို လျော့သွားအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားမှရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို  မိမိ၏လုပ်ငန်းခွင်၊  ရပ်ရွာနှင့် အသိုင်းအဝိုင်းများတွင် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးစေလိုကြောင်း ပြောကြား သည်။

 

ထို့နောက် နေပြည်တော်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က ဘေးအန္တရာယ်ကျရောက် ပါက ဘေးကင်းဇုန်သို့ ကျောင်းသား ကျောင်းသူများ ရွှေ့ပြောင်းရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက   နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်မှုအဖြစ် ငလျင်လှုပ်ခတ်ခြင်း၊ အကြောင်းအချက်ပေးခြင်းနှင့်အတူ ကျောင်းသား ကျောင်းသူများက ဝပ်၊ ကာ၊ ကိုင်ပုံစံဖြင့် နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှုငြိမ်သက်ပါက အဆောက်အအုံနှင့်   လွတ်ကင်းရာ ကွင်းပြင်နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသကြပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေ   ကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုခြင်း သရုပ်ပြသခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ဆေးဝါးကုသမှုသရုပ်ပြသခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့က   ယာဉ်၊   ယန္တရားများဖြင့်   ဘေးကင်းလုံခြုံသည့်နေရာများသို့   ပိုဆောင်ပေးခြင်း စသည့် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြပြီး  နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း   သိရသည်။

သတင်းစဉ်