နေပြည်တော် စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များ၊ ဌာန ဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီများအနေဖြင့် စီမံချက်ပါအတိုင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးများကို ကြိုတင် မျှော်မှန်းပြီး ကူညီကယ်ဆယ်ရေးအတွက် စက်ယန္တရားများ၊ လူအင်အားများကို စနစ်တကျစုဖွဲ့ ပြင်ဆင် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် လမ်းများ၊ တံတားများ အမြန်ကောင်းမွန်စေရေး၊ နုန်းများ၊ အမှိုက်များ၊ သစ်ကိုင်းသစ်တုံးများ ရှင်းလင်းဖယ်ရှားရေးတို့ကို စနစ်တကျ စီမံဆောင်ရန်၊ သဘာဝဘေးဖြစ်ပွားပါက ဘေးသင့်ပြည်သူများအတွက် စားရေ ရိက္ခာများတို့ကို ကြိုတင်စုဆောင်းထားရှိရန်၊ ရေလွှမ်းမိုးမှုနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန်နှင့် ရေဘေးပြည်သူများအားထောက်ပံ့ ငွေများပေးအပ်နိုင်ရေးအတွက် စာရင်းဇယားများ တိကျမှန်ကန်စွာ ပြုစု ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် အတွင်းရှိ နေပြည်တော်-ကင်းသာ- ကိုးကွေ့-လိန်းလီ- ပင်လောင်းလမ်း မိုင်တိုင်အမှတ်(၃/၀)၌ လမ်းပေါ် ရေကျော် နေမှုအခြေအနေနှင့် စက်ယန္တရားများဖြင့် ရေလမ်းကြောင်းပြောင်းလဲ ဆောင်ရွက်နေမှုအခြေ အနေများကို လည်းကောင်း၊ တပ်ကုန်းမြို့နယ် အမှတ်(၂)ခရိုင်ချင်း ဆက်လမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၁၄၂/၁ နှင့် ၁၄၂/၂ ကြား) ရေတိုက်စားမှုကြောင့် Box Culvert ပျက်စီးမှုအခြေအနေနှင့် ပေ ၁၂၀ အရှည်ရှိ မုန်ချောင်း ကူးတံတားအနီး ရေကြီးရေလျှံမှုကြောင့် အမှိုက်များ၊ ဒိုက်များနှင့် သစ်ကိုင်းသစ်တုံးများစုပုံနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်သူများသွားလာမှု အဆင်ပြေစေရေး၊ ရေစီးကြောင်း မှန်ကန်စွာ စီးဆင်းစေရေး၊ လမ်းပေါ်ရှိ သဲ၊ နုန်းများ ရှင်းလင်းဖယ်ရှားရေးတို့ကို အမြန်ဆောင်ရွက်ရန်နှင့် လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


