နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ အတန်းကူးပြောင်း နှစ်ဆုံးစာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ အတန်းကူးပြောင်းနှစ်ဆုံးစာမေးပွဲများ ကာလအတွင်း ဆရာ/ မိဘများနှင့် သက်ဆိုင်ရာဌာနများက ကျရာအခန်းကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (Grade-12) အောင်မြင်စွာ ကျင်းပနိုင်ရေးကို အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ စာမေးပွဲများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်မီးများ ပြတ်တောက်မှု မရှိစေရေး၊ အသံများ ဆူညံမှုမရှိစေရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေးတို့ကို စနစ်တကျ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ အတန်းကူးပြောင်း နှစ်ဆုံးစာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အတန်းကူးပြောင်း နှစ်ဆုံးစာမေးပွဲများတွင် တာဝန်ထမ်းဆောင်ကြမည့် မြို့နယ်(၈)မြို့နယ်မှ ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်