နေပြည်တော် ၂၀ မေ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းဖွင့်လှစ်ပိုချခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ရင်သွေးရတနာ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မြန်ရောဂါတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ခြင်း လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါဖြစ်ပွားပြန့်နှံ့မှု မရှိစေရေးအတွက် သတ်မှတ်ထားသည့် Quarantine Center များတွင် (၂၁)ရက် အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း၊ သက်ဆိုင်ရာဒေသအလိုက် Quarantine Center များတွင် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်ဆောင်ရွက်သူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင်ရွက်အကူအညီပေးရေး လုပ်ငန်းစဉ်များတွင် စနစ်ကျသော ဝန်ဆောင်မှုများပေးရန် လိုအပ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်မည့်သူများသည် Quarantine Center ၏လုပ်ငန်းစဉ်များတွင် မိမိ၏ကျွမ်းကျင်မှုအလိုက် ပါဝင်ဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ကျရာအခန်းကဏ္ဍ၊ တာဝန်နှင့် Quarantine Center တွင် လိုက်နာရမည့် စည်းကမ်းများကို သိရှိလိုက်နာကြပါရန်နှင့် မိမိတို့၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ်များကို အခကြေးငွေမယူဘဲ မိမိတို့၏ဆန္ဒအရ အများကောင်းကျိုးကို ကျရာကဏ္ဍလုပ်ငန်းခွင်များတွင် စနစ်ကျစွာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆရာဝန်များအသင်း (နေပြည်တော်)ဥက္ကဋ္ဌ ဒေါက်တာ ပေါ်မြင့်ဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး သင်ခန်းစာများကို သက်ဆိုင်ရာဆရာဝန်ကြီးများက သင်ကြားပို့ချပေးကြသည်။
အဆိုပါသင်တန်းတွင် စေတနာ့ဝန်ထမ်း(၂၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်-၁၉ ရောဂါ တုန့်ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ စေတနာ့ဝန်ထမ်း တာဝန်နှင့် လုပ်ငန်းလမ်းညွှန်၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပို့မှုပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါ ဝေဒနာ ရှင်များအား ရောဂါကာကွယ်ခြင်းနည်းလမ်းများ၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ ဝန်ဆောင်မှုများ၊ ကူးစက်ရောဂါ ကာကွယ်ဝတ်စုံဝတ်ဆင်သုံးစွဲခြင်း၊ သတ်မှတ် Community Based Facility Quarantine Centre များပြင်ဆင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များစသည့် ဘာသာရပ်များကို သက်ဆိုင်ရာ ဆရာဝန်ကြီးများက သင်ကြားပို့ချပေးကြပြီး နေပြည်တော်အတွင်းရှိ မြို့နယ်များတွင်ဆက်လက်၍ အလားတူ သင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


