နေပြည်တော် ဖေဖော်ဝါရီ ၁၇

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာ မြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံ၌ ရုရှားနေကြာ သုံးမျိုးစပ် ၁၅ ဧက စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ်မှန်ကန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာကို အချိုးကျပေါင်းစပ်အသုံးပြုရေး၊ သီးနှံများရာသီပြည့် စိုက်ပျိုးရေးမှာကြားသည်။

 

ထို့နောက် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ဝေးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ကြောင်ရေကျေးရွာအနီးရှိ သံကူကွန်ကရစ်တံတား ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်းပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး မှာကြားသည်။

 

ပေးအပ်

ယင်းနောက် လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာ တောင်သူအသိပညာပေးစင်တာ(KC)၌ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်သည်။

 

ဆက်လက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ဝေးမြို့ နေပြည်တော်မြို့ပတ်လမ်း(V4) ကွန်ကရစ်လမ်းကျိုးကျပျက်စီးမှုအား ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီသောပစ္စည်းများ အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးမှာကြားသည်။

 

ကြည့်ရှုအားပေး

ထို့နောက် လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာရှိ တောင်သူများ၏ လယ်မြေများတွင် နွေစပါးစိုက်ပျိုးရန် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာများဖြင့် မြေပြုပြင်နေမှုနှင့် သဘာဝမြေဩဇာပြုလုပ်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)