နေပြည်တော် ၂၂ မတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတဂေဟာများဖြစ်သော အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းတိုက်ရှိ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ပြင်ကြီး သာသနာ့ဝေပုလ္လသီလရှင်စာသင်တိုက်များသို့သွားရောက်၍ လတ်တလော ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည့် (COVID-19)ရောဂါ နှင့် ပတ်သက်၍ သီလရှင်များ၊ ဂေဟာမှူးများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများအား ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်သည်။
ဒုတိယဝန်ကြီးက (COVID-19) ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံ (၁၇၇) နိုင်ငံတွင် ကူးစက်ပြန့်ပွား လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကူးစက်ခံရသူမတွေ့ရှိရသေးသော်လည်း COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကို မိမိ၏ အရေးကိစ္စသဖွယ် သဘောထားကာ တိတိကျကျလိုက်နာ ဆောင်ရွက်ကြပါရန်နှင့် တတ်နိုင်သမျှ ဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်ကြပါရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူများထံသို့ မေတ္တာရပ်ခံပန်ကြားထားပါသဖြင့် မိမိတို့ဝန်ကြီးဌာနက အသိအမှတ်ပြု ဖွင့်လှစ်တည်ထောင်ထားသော ပရဟိတဂေဟာများ အနေဖြင့်လည်း ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပရဟိတဂေဟာများသည် ကလေးများစွာကို ပြုစုစောင့်ရှောက်ထားရခြင်း၊ ပြင်ပမှ အလှူရှင်များ လာရောက် လှူဒါန်းမှုရှိခြင်းများနှင့် လူအများစုဝေးမှုကြောင့် ကူးစက်ခံရခြင်း မရှိစေရန် မိမိတို့ဝန်ကြီးဌာနမှ မတ် ၁၈ ရက်တွင် ထုတ်ပြန်ထားသော အလှူရှင်များသို့မေတ္တာ ရပ်ခံချက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊ လူ၏လက်သည်နေရာ အနှံ့အပြားနှင့် ထိတွေ့လုပ်ကိုင်နေရသဖြင့် လက်မှတစ်ဆင့် Virus ပိုးများသည် မျက်စိ၊ နှာခေါင်း၊ ပါးစပ်များ အတွင်းဝင်ရောက်ပြီး အသက်ရှုလမ်းကြောင်းသို့ အလွယ်တကူ ကူးစက်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ စနစ်တကျမကြာခဏ ဆေးကြောသန့်ရှင်းပေးပါရန် (သို့မဟုတ်) အရက်ပြန်အနည်းဆုံး(၆၀) ရာခိုင်နှုန်းပါဝင်သည့် လက်သန့်စင်ဆေးရည်ကို အသုံးပြု၍ သန့်စင်ပေးပါရန်၊ နှာချေ ချောင်းဆိုးသော ကလေးများ၊ ဖျားနာသော ကလေးများရှိပါကလည်း နီးစပ်ရာ ကျန်းမာရေးဆေးခန်းများသို့ သွားရောက်ပြသကုသကြပါရန်နှင့် အသိနှင့်သတိယှဉ်တွဲပြီး လိုက်နာဆောင်ရွက်ပေးပါရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် တာဝန်ရှိသူများက စနစ်တကျလက်ဆေးနည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်သည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆရာတော်နှင့် သီလရှင်ဆရာကြီးတို့အား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကလေးသူငယ်များနှင့် သီလရှင်လေးများအတွက် ကြက်ဥ၊ ပဲနို့နှင့် ဆပ်ပြာခဲများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


