နေပြည်တော်၊ နိုဝင်ဘာ ၅
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ် ဒေသန္တရစီမံကိန်းမူဘောင်နှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် နေပြည်တော်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ(၅)နှစ် ဒေသန္တရ စီမံကိန်းမူဘောင်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရ စီမံကိန်းရေးဆွဲနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ကြောင်း၊ (၅)နှစ် အမျိုးသားစီမံကိန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မူဘောင်ရည်မှန်းချက်အနေဖြင့် ငြိမ်းချမ်း၍သာယာဝပြောပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ဟူ၍ ရည်မှန်းထားပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးနှင့် ပြည်သူအားလုံးရရှိခံစားနိုင်မည့် တိုးတက်မှုများ ဖြစ်ပေါ်လာစေရန်ကို ရည်မှန်းချက်ထားပြီး မဟာဗျူဟာ(၉)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် စနစ်တကျ ရေးဆွဲပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး နေပြည်တော် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်ဒေသန္တရစီမံကိန်းမူဘောင်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရ စီမံကိန်းရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြရာ နေပြည်တော်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


