နေပြည်တော် ၂၃ ဇန်နဝါရီ
နေပြည်တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြေကွက်စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် စီစဉ်လျက်ရှိပြီး အမှန်တကယ်နေထိုင်သည့် မိသားစုများ၊ အမှန်တကယ်နစ်နာ၍ အခက်အခဲရှိသော မိသားစုများကို ဦးစားပေး နေရာချထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ “လယ်ယာမြေ ထောက်ပံ့ကြေးနည်းပါးစွာ ရရှိခဲ့သူများအတွက် တန်ဖိုးနည်းအိမ်ရာမြေကွက်များ ဖော်ထုတ်ရောင်းချပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက “နေပြည်တော် တည်ဆောက်ရေး စီမံကိန်းကြောင့် မူလနေထိုင်ရာ ကျေးရွာများမှ မြို့ကွက်သစ်၊ ရပ်ကွက်သစ်များသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ဖြစ်သော်လည်း နောက်ပိုင်းတွင် အိမ်ထောင်ကျပြီး အိမ်ခွဲသူများ လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် မိသားစုနေထိုင်ရေး အမှန်အခက်အခဲရှိသော အိမ်ထောင်စုများ နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် တင်ပြခြင်းများကို စိစစ်၍ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ အိမ်ရာစီမံကိန်းများ၊ မြေကွက်စီမံကိန်းများ ဖော်ဆောင်ချိန်တွင် ဆောင်ရွက်ပေးနိုင်ရန်အတွက် မှတ်တမ်းတင် ထားရှိပါကြောင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြေကွက် စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အမှန်တကယ် နေထိုင်သည့် မိသားစုများ၊ အမှန်တကယ်နစ်နာ၍ အခက်အခဲရှိသော မိသားစုများကို ဦးစားပေးနေရာ ချထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းမည်ဖြစ်ကြောင်း သိရသည်။
MDN